She and Her Perfect Husband ထဲက အနမ်းဇာတ်ဝင်ခန်းကိုရိုက်ကူးပြီးနောက် အရှက်ပိုနေကြတဲ့ Yang Mi နဲ့ Xu Kai

ထိပ်တန်းမင်းသမီးချော Yang Mi နဲ့ မင်းသားငယ်လေး Xu Kai တို့ဟာ အချစ်ဇာတ်လမ်းတွဲ She and Her Perfect Husband ကို ရိုက်ကူးပြီးစီးနေကြပြီဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ မထင်မှတ်ထားဘဲ သဘောတူညီချက်စာချုပ်နဲ့လက်ထပ်ထားကြတဲ့ စုံတွဲလေးအကြောင်းဖြစ်ပြီး အတူနေရင်းက ချစ်ကြိုးသွယ်မိသွားတဲ့ Romantic ဆန်ဆန်ဇာတ်လမ်းလေးဖြစ်ပါတယ်။

နာမည်ကြီးဝတ္ထုကို အသက်သွင်းထားတဲ့ဇာတ်လမ်းဖြစ်ပြီး Yang Mi က စမတ်ကျတဲ့ရှေ့နေမလေး Qin Shi (Yang Mi) အဖြစ်သရုပ်ဆောင်ထားပြီး အခြေအနေအရပ်ရပ်ကြောင့်ပဲ Qin Shi နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး လက်ထပ်ခြင်းကိုလက်ခံလိုက်တဲ့ Yang Hua အဖြစ် Xu Kai က ပါဝင်ထားတာပါ။ အိမ်ထောင်အတင်းပြုစေချင်နေတဲ့မိဘတွေကို အရူးလုပ်ပြီး ဟန်ပြလက်ထပ်ပြရင်းကနေ တစ်ယောက်ကိုတစ်ယောက် နက်နက်နဲနဲချစ်မိသွားကြတဲ့ အချစ်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

အပြင်ဖက်မှာရိုက်ကူးရတဲ့ရိုက်ကွင်းတစ်ခုမှာတော့ ၃၄ နှစ်အရွယ် Yamg Mi နဲ့ ၂၆ နှစ်အရွယ် Xu Kai တို့က လမ်းမထက်မှာ အနမ်းခြွေရတဲ့ဇာတ်ဝင်ခန်းကို ရိုက်ကူးရတာပါ။ လူအများဖြတ်သန်းဖြတ်လာကြားမှာ ဒီလိုမျိုး Romantic ဆန်ဆန်အနမ်းပေးပြီး ဆက်လက်ရိုက်ကူးနေရင်းက ညနေပိုင်း ရိုက်ကွင်းသိမ်းတဲ့အချိန်မှာတော့ Yang Mi နဲ့ Xu Kai နားကို လူတွေကဝိုင်းအုံလာကြပါတော့တယ်။ လူအုပ်ကြီးကြားထဲမှာ အနေခက်ပြီးရှက်နေတဲ့ Yang Mi ကတော့ သူမရဲ့ဇာတ်ညွှန်းစာအုပ်နဲ့ မျက်နှာကို အုပ်ထားပြီး ဖုံးကွယ်ဖို့ကြိုးစားနေတာကို မင်းသား Xu Kai က စနောက်တဲ့အနေနဲ့ Yang Mi ရဲ့ ဇာတ်ညွှန်းစာအုပ်ကို လှမ်းယူလိုက်ပြီး သူ့ရဲ့မျက်နှာကို အုပ်ထားလိုက်ပါတယ်။ မောင်ငယ်လေးရဲ့စနောက်မှုကြောင့် အကာအကွယ်မရှိတော့တဲ့ Yang Mi ခမျာလက်နဲ့ပဲကာရင်း လူအုပ်ကြားထဲကနေ မြန်မြန်သွက်သွက်ပဲပြေးထွက်လာခဲ့ရပါတော့တယ်။

နောက်ဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက် စနောက်နေတဲ့ Yang Mi နဲ့ Xu Kai က ရိုက်ကွင်းလုံခြုံရေးတွေကြောင့်ပဲ ဘေးကင်းစွာနဲ့ လူအုပ်ကြားထဲက ထွက်လာနိုင်ခဲ့ပါတော့တယ်။ အသက်အရွယ် ၈ နှစ်ကွာခြားမှုရှိနေပေမယ့်လည်း Yang Mi နဲ့ Xu Kai တို့ရဲ့ အတွဲညီနေမှုကတော့ ဇာတ်လမ်းမထွကိသေးတာတောင် ပရိသတ်တွေက သဘောကျနေခဲ့ကြပါပြီ။ She and Her Perfect Husband အချစ်ဇာတ်လမ်းတွဲသာထုတ်လွှင့်ပြသရင်တော့ ကြည့်ရှုသူတွေကြားမှာ ရေပန်းစားလာဦးတော့မှာ ဖြစ်ပါတယ်။

Source: Oncc
Photos: Weibo
Written: Nay Chi

Share