Netflix ကနေတစ်ဆင့် နိုင်ငံတကာမှာကြည့်ရှုနိုင်တော့မယ့် World of Honor ဇာတ်လမ်းတွဲ

ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူပရိတ်သတ်များအတွက် ကျေနပ်မှုတွေများစွာပေးနိုင်ခဲ့တဲ့ World of Honor ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲကို မေလ(၂၈)ရက်၊ သောကြာနေ့၊ ညနေ(၃)နာရီကနေစပြီး Netflix မှကြည့်ရှုနိုင်တော့မယ်လို့သိရပါတယ်။

လောလောဆယ်တော့ Netflix မှာ ပထမဆုံးအပိုင်းအတွက် (၂)မိနစ်စာ Preview Clip ကို ပရိတ်သတ်များကြိုတင်ကြည့်ရှုနိုင်ဖို့ တင်ပေးထားပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်အပါအဝင် နိုင်ငံများစွာမှာ ဖြန့်ချိကြည့်ရှုနိုင်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့အနေနဲ့ မူပိုင်ခွင့်တွေကို သီးခြားဝယ်ယူထားတယ်လို့ဆိုပါတယ်။

အမေရိကန်မှာတော့ ဒီဇာတ်လမ်းတွဲကို TV-14 လို့သတ်မှတ်ထားပါတယ်။ ဆိုလိုတာကတော့ ဇာတ်လမ်းတွဲမှာ စိတ်လှုပ်ရှားစရာဇာတ်လမ်းဇာတ်ကွက်များပါဝင်တာကြောင့် အသက်(၁၄)နှစ်အောက်ပရိတ်သတ်များအတွက် ကြည့်ရှုခွင့်မရနိုင်ဘူးလို့ ကန့်သတ်ထားခြင်းပဲဖြစ်ပါတယ်။ အခြားနိုင်ငံများမှာတော့ အသက်(၁၆)နှစ်အထက်ပရိတ်သတ်များသာ ကြည့်ရှုခွင့်ရနိုင်မှာဖြစ်ပါတယ်။

World of Honor ဇာတ်လမ်းတွဲဟာဆိုရင် တရုတ်နိုင်ငံတွင်းမှာ ထုတ်လွှင့်ပြသနေချိန်တည်းက ပြည်ပပရိတ်သတ်များရဲ့အာရုံစိုက်မှုများကိုလည်း ရရှိထားခဲ့ပြီးသားဖြစ်ပါတယ်။ နိုင်ငံခြားဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Tumblr ရဲ့ ကမ္ဘာတစ်ဝန်းလူကြိုက်အများဆုံးဇာတ်လမ်းတွဲများစာရင်းမှာလည်း အကြိမ်ကြိမ်ပါဝင်ခဲ့ဖူးပြီး နံပါတ်(၆)နေရာအထိသိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။

Zhang Zhehan, Gong Jun, Zhou Ye, Wei Zheming, You Minghuang, Chen Zihan တို့ပါဝင်သရုပ်ဆောင်ထားတဲ့ World of Honor ဇာတ်လမ်းတွဲကို Priest ရေးသားထားတဲ့ Tianya Ke လို့အမည်ရတဲ့ Novel ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ကိုယ်ခံပညာပုံစံအသစ်များပါဝင်တဲ့ သိုင်းဇာတ်လမ်းတွဲဖြစ်ပြီး ထုတ်လွှင့်ပြီးနောက်ပိုင်းမှာ ချီးမွမ်းပြောဆိုမှုများစွာလည်းရရှိခဲ့ပါတယ်။ Douban မှာလည်း Rating 8.6 အထိရောက်ရှိခဲ့ပြီးတဲ့နောက် Netflix မှာထုတ်လွှင့်ပြသဖို့အထိ ထပ်ဆင့်ကဲအောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။

Written: Nair Nair
Source: MaoYang
Photos: MDL

Share