ကန့်ကွက်မှုတွေရှိနေပေမဲ့လည်း ဇာတ်လမ်းသစ်ရိုက်ကူးဖို့လက်ခံလိုက်ပြီဖြစ်တဲ့ Diliraba နဲ့ Gong Jun

ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပြီး ထွက်လာမယ့်ဇာတ်လမ်းပေါင်းများစွာရှိနေတဲ့ အလှပဂေးလေး Diliraba Dilmurat နဲ့ လူကြိုက်များရေပန်းစားနေတဲ့ မင်းသား Gong Jun တို့ဟာ “Legend of Anle” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်လိုက်တွေအဖြစ် ပါဝင်ရိုက်ကူးဖို့လက်ခံလိုက်ပြီလို့ဆိုပါတယ်။ အစောပိုင်း ဇာတ်ကောင်နေရာအတွက် ကောလဟာလသတင်းသဲ့သဲ့ထွက်လာတုန်းက ပရိသတ်တွေဟာ ကိုယ်အားပေးတဲ့အနုပညာရှင်တွေအနေနဲ့ ဇာတ်လမ်းထပ်တာမျိုးတွေမဖြစ်စေချင်တဲ့အပြင် ဇာတ်ညွှန​်းရေးဆရာရဲ့ဖန်တီးမှုကို မကြိုက်နှစ်သက်တာကြောင့် ကန့်ကွက်ခဲ့ကြပါသေးတယ်။

Legend of Anle ဇာတ်လမ်းကတော့ စာရေးဆရာ Xing Ling ရဲ့ Di Huang Shu ကို အသက်သွင်းရိုက်ကူးမှာဖြစ်ပြီး Nirvana in Fire ဇာတ်လမ်းရဲ့ အမျိုးသမီးဇာတ်လိုက်အသားပေးဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့… Di Ziyuan (Dilireba) ရဲ့ တမိသားစုလုံးဟာ နိုင်ငံတော်သစ္စာဖောက်မှုလို့ မှားယွင်းစွပ်စွဲခံရပြီး ဧကရာဇ်ရဲ့အမိန့်ထုတ်ပြန်မှုအတိုင်း ခေါင်းဖြတ်ကွပ်မျက်ခြင်းခံလိုက်ရပါတယ်။ ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပေမယ့် တစ်ယောက်တည်းရှင်ကျန်ရစ်ခဲ့သူ Ziyuan ဟာ လက်စားချေဖို့အတွက် အားမွေးနေခဲ့ပြီး သူမရဲ့နာမည်ကိုလည်း Ren Anle ဆိုပြီး ပြောင်းလဲခဲ့ကာ နန်းတွင်းထဲသို့ဝင်နိုင်အောင် ကျိတ်ပြီးကြံစည်ခဲ့ပါတယ်။

လက်စားချေဖို့အကြံအစည်အထမမြောက်ခင်မှာပဲ Ziyuan ဟာ အိမ်ရှေ့မင်းသား Han Ye (Gong Jun) ရဲ့ တိုင်းသူပြည်သားတွေအပေါ် စာနာသနားတတ်တဲ့စိတ်ထားကြောင့် မင်းသားကိုနှစ်သက်စွဲလန်းခဲ့ပြီး ချစ်ခြင်းမေတ္တာတွေဟာ တနေ့တခြား ကြီးထွားလာခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း အတိတ်ကအိပ်မက်ဆိုးဟာ နေ့စဥ်ရက်ဆက် ခြောက်လှန့်နေခဲ့တာကြောင့် မိသားစုနှစ်ခုကြားမှာ တည်ရှိနေတဲ့ လက်စားချေမယ့်အမုန်းတရားကို ဖြေဖျောက်နိုင်ခြင်း မရှိခဲ့ပြန်ပါဘူး။ အိမ်ရှေ့မင်းသား Han Ye ကလည်းပဲ Di Ziyuan ကို နက်နက်ရှိုင်းရှိုင်းနဲ့ ချစ်မိလာတဲ့အခါ… အချစ်အတွက်အရာရာကို စွန့်လွှတ်နိုင်မှာလား… Ziyuan ရဲ့ လက်စားချေမှုကြီးကလည်း အထမြောက်အောင်မြင်သွားမလား..ဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းပါပဲ။

ဇာတ်လမ်းကိုရိုက်ကူးမယ့်သူကတော့ ဒါရိုက်တာ Gary Sing ဖြစ်ပြီး သူကတော့ လူကြိုက်များရေပန်းစားခဲ့တဲ့ Word of Honor ဇာတ်လမ်းကို လက်စွမ်းရှိရှိနဲ့ ရိုက်ကူးနိုင်ခဲ့သူဖြစ်ပါတယ်။ Dilraba ရဲ့ ပရိသတ်တွေကတော့ Di Ziyuan ဆိုတဲ့ဇာတ်ကောင်ဟာ The Long Ballad ဇာတ်လမ်းထဲက Li Changge ဇာတ်ကောင်နဲ့ တော်တော်လေးဆင်တူမှုရှိနေတာကြောင့် Dilireba ကို တခြားမတူညီကွဲပြားတဲ့ဇာတ်ကောင်မျိုးကို လက်ခံရိုက်ကူးစေချင်ပေမဲ့လည်း ယခုလို လက်ခံလိုက်ပြီဆိုတော့လည်း အားပေးကြဦးမှာပါ။ Dilireba နဲ့ မင်းသား Gong Jun တို့ကို အတူတွဲဖက်မြင်ရတော့မယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပြီး ဇူလိုင်လလယ်မှာ စတင်ရိုက်ကူးတော့မှာဖြစ်လို့ ထွက်ရှိလာရင် ကြည့်လို့ရဖို့အတွက် သတင်းကောင်းပါးလိုက်ပါတယ်။

Source: Sohu
Photos: Weibo
Written: Nay Chi

Share