ဇွန်လ(၁)ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသတော့မယ်လို့ကြေညာလိုက်တဲ့ My Dear Guardian ဇာတ်လမ်းတွဲ

My Dear Guardian ဇာတ်လမ်းတွဲကို ဇွန်လ(၁)နေ့ကနေ စတင်ပြီး IQIYI TV နဲ့ Mango TV တို့မှာ ထုတ်လွှင့်ပြသတော့မယ်ဆိုတဲ့အကြောင်းကို တရားဝင်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်များအနေနဲ့ Johny Huang Jingyu, Li Qin, Nie ZiHao, Yang TongShu တို့ပါဝင်ရိုက်ကူးထားတာဖြစ်ပြီး ‘This Ant’ ရဲ့ ‘Round Fingers Under Military Uniforms’ လို့အမည်ရတဲ့ Novel ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အပိုင်း(၄၅)ပိုင်းပါဝင်မှာဖြစ်ပြီး အသက်(၁၃)နှစ်နဲ့အထက် ပရိတ်သတ်များသာကြည့်ရှုနိုင်မယ့် Military, Romance, Drama ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။

နွေးထွေးပြီးနူးညံ့သိမ်မွေ့တဲ့ စစ်ဘက်ဆရာဝန်မလေးနဲ့ စစ်တပ်အရာရှိတစ်ဦးတို့ရဲ့ များပြားပြည့်ကျပ်နေတဲ့တိုင်းပြည်တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်ရင်း ချစ်ခြင်းမေတ္တာကိုရှာဖွေတွေ့ရှိသွားတဲ့အဖြစ်အပျက်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Liang Muze ဟာ စစ်မြေပြင်များစွာမှာ တိုက်ခိုက်ခဲ့ပြီး အတွေ့အကြုံတွေနဲ့ အထူးအရာရှိတစ်ဦးပဲဖြစ်ပါတယ်။ အတိတ်ကနာကျင်စရာအမှတ်တရတွေကြောင့် နှလုံးသားတံခါးကိုပိတ်ထားခဲ့တဲ့ အရာရှိ Liang Muze ဟာ ဘယ်လိုအကြောင်းအရာအဖြစ်အပျက်တွေကြောင့် ဆရာဝန်မလေး Xia Chu နဲ့နီးစပ်သွားရသလဲဆိုတာကို အားလုံးပဲသိချင်နေကြလိမ့်မယ်လို့ထင်ပါတယ်။

ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ လူ့ဘဝရဲ့မြန်ဆန်တဲ့ပြောင်းလဲမှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အေးဆေးတည်ငြိမ်စွာဖြတ်သန်းနိုင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်မလေးရဲ့အတွေ့အကြုံတွေကနေ ကုစားဖြစ်တည်လာမယ့် ချစ်ခြင်းမေတ္တာအသစ်တစ်ခုကို စိတ်ကူးယဉ်ဆန်စွာတွေ့မြင်ကြရဦးမှာဖြစ်ပါတယ်။

Uniform နဲ့အပီအပြင်ကြည့်လို့ကောင်းနေမယ့် ခန့်ချောမင်းသား Huang Jingyu နဲ့ ဂျူတီကုတ်ဖြူဖြူလေးမှာ ချစ်စရာကောင်းစွာလှပနေမယ့် မင်းသမီး Li Qin တို့ရဲ့ အနုပညာပုံရိပ်တွေကို တစ်မူထူးခြားစွာ ကြည့်ရှုခံစားနိုင်ဖို့အတွက် ပရိတ်သတ်များကလည်း စိတ်အားထက်သန်စွာစောင့်ဆိုင်းနေကြပါတယ်။

Written: Nair Nair
Source: Dramainfo
Photos: IQIYI

Share