GOT7’s BamBam တစ်ယောက် သရုပ်ဆောင်ချင်တဲ့ လက်ရဲဇက်ရဲ Character က ဘာများဖြစ်မလဲ

Advertisements

GOT7 အဖွဲ့ဝင်တွေကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ်စီလှုပ်ရှားမှုတွေနဲ့ အောင်မြင်မှုတွေရယူနေကြပါတယ်။ ဇာတ်လမ်းတွဲရိုက်ကူးမှုတွေအထိပါ ချဲ့ထွင်လာခဲ့ကြပြီး Youngjae က Netflix ရဲ့ So Not Worth It မှာ ပါဝင်လာခဲ့ပြီး Jinyoung က လက်တလော ထုတ်လွှင့်ပြသနေတဲ့ The Devil Judge မှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်လာခဲ့ပါတယ်။ GOT7 အဖွဲ့လိုက်အနေနဲ့ကတော့ Dream Knight ဇာတ်လမ်းတိုလေးကို ရိုက်ကူးဖူးတာကြောင့် ကြည့်ဖူးတဲ့သူတွေလည်း ရှိပါလိမ့်မယ်။

GQ Thailand နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ BamBam က သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ချဲ့ထွင်ဖို့အသင့်‌ဖြစ်နေကြောင်းပြောခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ထိုင်းဇာတ်လမ်း/ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ချင်လားလို့ မေးမြန်းခဲ့ပါတယ်။ အဲ့အတွက်တော့ BamBam က မတူညီတဲ့ရိုက်ကူးမှုမျိုးလုပ်ချင်ကြောင်း ပြောခဲ့ပါတယ်။

COVID-19 ကြောင့် လည်ပတ်သွားလာခွင့်တွေ တားမြစ်ထားတဲ့အတွက် အခုချိန်မှာ တစ်ခုခုဆန်းသစ်တာမျိုးကို လုပ်ကြည့်ချင်ကြောင်း BamBam က ပြောလာခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ရိုက်ကူးနေကျ အချစ်၊အလွမ်း၊ဟာသ၊ဒရမ်မာမျိုးမဟုတ်ဘဲ BamBam အနေနဲ့ သရုပ်ဆောင်ကြည့်ချင်တဲ့ ဇာတ်ကောင်မျိုးရှိတယ်, လို့ ဆိုပါတယ်။ “သရဲကားလိုမျိုးမှာ သရုပ်ဆောင်ရရင် တကယ်ပျော်စရာကောင်းမယ်ထင်တယ်။ ကျွန်တော်က သရဲတော့ ကြောက်တတ်ပေမဲ့ သရဲကားရိုက်ကြည့်ချင်တယ်။ လူတွေကိုကယ်တင်တဲ့ သူရဲကောင်းဇာတ်ကောင်မျိုးမဟုတ်ဘဲ ဗီလိန်ဇာတ်ကောင်မျိုးကို သရုပ်ဆောင်ကြည့်ချင်တာ.. အဲ့လိုမျိုးပေါ့။ သည်းထိတ်ရင်ဖိုဇာတ်ကားမျိုးမှာလည်း သရုပ်ဆောင်ချင်သေးတယ်။ အဲ့လိုကားထဲမှာ သရုပ်ဆောင်ရမယ်ဆိုရင် မကောင်းတဲ့လူတို့.. လူသတ်သမားတို့.. အဲ့လို ဇာတ်ကောင်မျိုးကို သရုပ်ဆောင်မယ်။ သူများနဲ့ လုံးဝမတူတာမျိုးကို စိန်ခေါ်ပြီး ကြိုးစားကြည့်ချင်တယ်” လို့ BamBam က သူ့ရဲ့အကြိုက်ကို ပြောချသွားခဲ့ပါတယ်။

ပျော်ပျော်နေတတ်ပြီး စတတ်နောက်တတ်တဲ့ ထိုင်းကောင်လေး BamBam ကိုကြည့်ရတာ သူ့ရဲ့အကြိုက်က တမျိုးထူးခြားနေပါတော့တယ်။ သူများနဲ့မတူတဲ့ဇာတ်လမ်းမျိုးကို ဖန်တီးချင်ပုံရပြီး Ahgases တွေကတော့ BamBam သာ သရုပ်ဆောင်ရင်လည်း အားပေးနေကြဦးမှာပါပဲ။ အနာဂတ်မှာလည်း သူ, သရုပ်ဆောင်ချင်တဲ့ တကယ့်လက်ရဲဇက်ရဲဗီလိန်ဇာတ်ကောင်မျိုးကို တကယ်ကြီးသရုပ်ဆောင်ထားတဲ့ မင်းသား BamBam ကို မျှော်နေပါပြီ။

Source: Koreaboo
Photos: Koreaboo
Translated by Julix

Advertisements
Share