ကလေးရနေပြီလား ဆိုတဲ့ ကောလဟာလကို ဖြေရှင်းလိုက်တဲ့ Xiao Zhan တို့အဖွဲ့

​ပျံ့နှံ့လွယ်တဲ့ ကောလဟာလတွေနဲ့ ပြည့်နက်နေတတ်တဲ့ ဖျော်ဖြေရေးလောကထဲမှာ မဟုတ်မမှန် သတင်းများနဲ့ မကြာခဏ တိုက်ခိုက်ခံရသူ အနုပညာရှင်များစွာ ရှိနေပါတယ်။ အဲ့ဒီထဲကမှ တရုတ်နိုင်ငံရဲ့ ထိပ်တန်း မင်းသားချော Xiao Zhan ကို မကြာသေးမီကပဲ သတင်းမှားတွေနဲ့ ထပ်မံပြောဆို တိုက်ခိုက်ခဲ့ကြပြန်ပါတယ်။

အကြောင်းအရာကတော့ Xiao Zhan ဟာ တိတ်တဆိတ် လက်ထပ်ကာ ကလေးတစ်ယောက်ရနေပြီး သူရဲ့ မန်နေဂျာ Zhang Jing နဲ့ ချိန်းတွေ့နေတယ် ဆိုတဲ့ မဟုတ်မမှန် ကောလာဟလများ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ (၂၆) ရက်နေ့မှာ Xiao Zhan ရဲ့ ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ “Xiao Zhan သတင်းမှားတိုက်ဖျက်ရေးအဖွဲ့” က ပျံ့နှံ့နေတဲ့ ကောလာဟလနှစ်ခုကို ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ မန်နေဂျာနဲ့ ကောလာဟလသတင်းအတွက် Xiao Zhan အဖွဲ့က ချိန်းတွေ့ခြင်းသတင်းဟာ အတုဖြစ်ကြောင်း ပထမဦးစွာ ရှင်းလင်းခဲ့ပါတယ်။

အဲ့ဒီနောက် အင်တာနက်မှာပျံ့နေတဲ့ Xiao Zhan ကလေးချီထားတဲ့ ဓာတ်ပုံနဲ့အတူ “Xiao Zhan ဆီမှာ ကလေးတစ်ယောက်ရှိနေပြီလား” ဆိုတဲ့ ကောလဟာလနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက် ဖြေရှင်းခဲ့ပါတယ်။ Xiao Zhan ချီထားတဲ့ ကလေးဟာ အတန်းဖော်သူငယ်ချင်းရဲ့ ကလေးဖြစ်ကြောင်း၊ အနုပညာရှင် တစ်ယောက်ရဲ့ အတွင်းရေး ဓာတ်ပုံတွေကို ဖြန့်တာဟာ ရှက်စရာလုပ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ငြင်းဆိုခဲ့ပါတယ်။

မလိုသူတွေရဲ့ လုပ်ကြံဖန်တီးမှုတွေကြား ဘယ်လိုတိုက်ခိုက်မှုတွေ၊ ဘယ်လိုကောလဟာလတွေပဲ ရှိခဲ့ပါစေ Xiao Zhan နဲ့ သူ့ရဲ့အဖွဲ့ကတော့ ဆက်လက်ကြိုးစား တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : Twitter