အနုပညာလောကအကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းသစ်မှာ ပါဝင်လာမယ့် Sung Kyung နဲ့ Young Dae

မင်းသမီးချော Lee Sung Kyung နဲ့ လက်တလောပရိသတ်တွေကြားမှာ နာမည်ရနေတဲ့မင်းသား Kim Young Dae တို့က tvN ရဲ့ဇာတ်လမ်းသစ် “Shooting Star” (literal title) မှာ အတူတွဲဖက်ပြီးပါဝင်ရိုက်ကူးမယ့်အကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ “Shooting Star” ဇာတ်လမ်းကတော့ အနုပညာနယ်ပယ်ရဲ့ နောက်ကွယ်‌ကအဖွဲ့သားတွေအကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။

PR အဖွဲ့တွေ၊ မန်နေဂျာတွေနဲ့ သတင်းသမားတွေ.. အစရှိသဖြင့် အနုပညာရှင်တွေရဲ့နောက်ကွယ်ကနေ အရာရာလိုက်လံဖြေရှင်းပြီး အထောက်အပံ့ပေးရတဲ့ မရှိမဖြစ်လိုအပ်သူတွေအကြောင်းကို အချစ်-ဟာသဆန်ဆန်နဲ့ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

အချစ်ဟာသဇာတ်လမ်းသစ်လေးအကြောင်းကတော့ အေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေတဲ့ PR Team အဖွဲ့ခေါင်းဆောင် Oh Han Byul နဲ့ သူမကို ဒုက္ခပေးဖို့မွေးဖွားလာတယ်လို့တောင်တင်စားရမယ့် ထိပ်တန်းအနုပညာရှင်ကြယ်ပွင့် Gong Tae Sung တို့ရဲ့ အကြောင်း‌‌လေးပါ။

ဇာတ်ညွှန်းလေးအရကတော့ ကော်ဇောနီထက်မှာ အနုပညာရှင်‌တွေ တလက်လက်နဲ့ အစွမ်းကုန်တောက်ပနိုင်ဖို့ နောက်ကွယ်ကအဖွဲ့သားတွေခမျ သွေး၊ ချွေးနဲ့မျက်ရည်တွေကို စတေးခဲ့ရတဲ့ အခိုက်အတန့်တွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပုံဖော်သွားမှာလည်း ဖြစ်ပါတယ်။

“Shooting Star” ကိုတော့ စာရေးဆရာ Choi Young Woo က ရေးသားထားပြီး “Find Me in Your Memory”, “Awaken” နဲ့ “The Witch’s Diner” တို့ကို လက်စွမ်းပြရိုက်ကူးထားတဲ့ ဒါရိုက်တာ Lee Soo Hyun က ဖန်တီးသွားမှာလည်းဖြစ်ပါတယ်။ မင်းသမီး Lee Sung Kyung ကတော့ PR team အဖွဲ့ခေါင်းဆောင် Oh Han Byul အဖြစ် ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Han Byul ကတော့ သူမတူအောင် ထက်မြက်တဲ့ အပြောစွမ်းရည်ရှိတဲ့အပြင် အရေးတကြီးကိစ္စတွေကိုလည်း ကောင်းမွန်စွာကိုင်တွယ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ပတ်သက်ဆက်ဆံရတဲ့သူတွေကိုလည်း အာရုံအပြည့်စိုက်ကာ လွှမ်းမိုးနိုင်တာကြောင့် အနုပညာလောကရဲ့နောက်ကွယ်က ရှုပ်ထွေးပွေလီတဲ့ကိစ္စအဖြစ်အပျက်တွေကို ဘယ်လိုမျိုး ပညာသားပါပါ ဖြေရှင်းသွားသလဲဆိုတာကို တွေ့မြင်ရမှာပါ။

Kim Young Dae ကတော့ အေဂျင်စီရဲ့ နာမည်ကြီးထိပ်တန်းကြယ်ပွင့်လေး Gong Tae Sung အဖြစ် သရုပ်ဆောင်သွားမှာပါ။ Tae Sung ကတော့ PR Team အဖွဲ့ခေါင်းဆောင် Oh Han Byul နဲ့ လုံးဝအကြောမတည့်တဲ့သူဖြစ်ပါတယ်။

A-list စာရင်းဝင်နာမည်ကျော်ဖြစ်တဲ့အပြင် အများရှေ့မှာဆိုရင် အပြုံးချိုချိုလေးကို ပန်ဆင်ရင်း တက်ကြွနေတဲ့ပုံရိပ်ကြောင့် လူအများကြီးဆီက အချစ်တွေကို ရရှိထားသူပါပဲ။ ကန့်လန်ကာနောက်ကွယ်မှာတော့ Gong Tae Sung ဟာ စိတ်ဆတ်ပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီတော့ အရာရာကို စေ့စပ်တိကျပြီး အရည်အချင်းပြည့်ဝနေတဲ့ Oh Han Byul နဲ့ ပြီးပြည့်စုံနေတဲ့ကြယ်ပွင့် Gong Tae Sung တို့ကြားမှာ ဘယ်လိုတွေ ကမောက်ကမဖြစ်ပြီး ဟာသဆန်ဆန်နဲ့ အချစ်တစ်ခုဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် So Jae Hyun က “အသစ်ရိုက်ကူးတော့မယ့် ဒီဇာတ်လမ်းဟာ အနုပညာရှင်တွေရဲ့အကြောင်းနဲ့ နောက်ကွယ်က အဖွဲ့သားတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေအကြောင်းကို လက်တွေ့နဲ့အနီးသပ်ဆုံးရိုက်ကူးပြသသွားမှာဖြစ်ပြီး ဖျော်ဖြေရေးလောကအကြောင်းကို အမှန်အတိုင်းပုံဖော်သွားမှာဖြစ်လို့ ကြည့်ရှုသူတို့ ကျေနပ်ရသလို နက်နဲတဲ့ခံစားချက်တွေ ရရှိနိုင်မှာပါ” လို့ ပြောကြားထားပါတယ်။ အညွှန်းကတော့ ကောင်းလွန်းလို့ ထွက်လာတဲ့အချိန်မှာ သေချာပေါက်ကို ကြည့်သင့်ပါတယ်နော်။

Source: Soompi
Photos: topstarnews
Translated by Julix