၂၀၂၂ အတွက် အမျှော်ဆုံးဇာတ်လမ်းဖြစ်လာတဲ့ Gulf နဲ့ Janie တို့ရဲ့ ဇာတ်လမ်းသစ်

ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသားချော Gulf Kanawut နဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး Janie တို့ဟာ Thai TV3 ရဲ့ ဇာတ်လမ်းသစ်တစ်ခုကိုတွဲဖက်ရိုက်ကူးနေကြောင်းသိကြမှာပါ။ BL မင်းသားတစ်ယောက်အဖြစ် လူသိများကျော်ကြားတဲ့ Gulf အနေနဲ့ Thai TV3 နဲ့စာချုပ်ချုပ်ဆိုကာ လက်တွဲပြီးနောက် မင်းသမီးတစ်ဦးနဲ့အတူတွဲဖက်ပြီးရိုက်ကူးတဲ့ ပထမဆုံးဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

Gulf Kanawut ရဲ့ မြောက်မြားလှစွာသောပရိသတ်တွေက နာမည်ကြီး channel ရဲ့ဇာတ်လမ်းသစ်မှာ လက်စွမ်းပြသွားတော့မယ့် မင်းသားအတွက် ရင်ခုန်စိတ်လှုပ်ရှားကာ အားပေးနေကြပါတော့တယ်။ တွဲဖက်သရုပ်ဆောင်မယ့် Janie Thienphosuwan ကလည်း ထိုင်းနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကြီးဝါရင့်မင်းသမီးတစ်ဦးဖြစ်တာကြောင့် Gulf အနေနဲ့ လေ့လာသင်ယူခွင့်ရနိုင်တာကြောင့်ပါ အကျေနပ်ကြီးကျေနပ်ကြပြီး ကြည့်ရဖို့စောင့်နေကြတာပါ။ Janie ကလည်း ၂နှစ်ကြာမှ Gulf နဲ့တွဲဖက်ရိုက်ကူးရင်း အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ထူးထူးခြားခြား အသက်ကွာခြားလွန်းတဲ့ ဇာတ်လမ်းစုံတွဲဖြစ်တာကြောင့် ဇာတ်လမ်းသစ် “Mat Huajai Yai Sup Tar” ဟာ ၂၀၂၂ အတွက် Thai TV3 ရဲ့ ဇာတ်လမ်းတွေထဲမှာ လူစောင့်မျှော်မှုအများဆုံးဇာတ်လမ်းဖြစ်လာခဲ့ပါတယ်။

Janie က အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး Gulf ကတော့ ၂၃ နှစ်ကျော်မို့လို့ အသက်ကွာခြားမှုက ၁၆ နှစ်လောက်ရှိနေတာဖြစ်ပါတယ်။ ပရိုဂျူဆာကတော့ ဒီဇာတ်လမ်းဟာ အသက်အများကြီးကွာတဲ့စုံတွဲကြားက အချစ်အကြောင်းကို ရိုက်ကူးထားတာမို့လို့ လိုက်ဖက်ညီနေမယ့်အကြောင်းကိုပါ ယုံကြည်စွာနဲ့ပြောဆိုထားပါသေးတယ်။

ပရိုဂျူဆာပြောပြခဲ့တဲ့ ဇာတ်လမ်းအကျဉ်းလေးကတော့ အဓိကဇာတ်လိုက်မင်းသားဟာ ငယ်စဉ်ကတည်းက မင်းသမီးကို တဖက်သတ်မြတ်နိုးချစ်ခင်နေခဲ့တာဖြစ်ပြီး အသက်တွေကွာခြားမှုရှိနေတာတောင် နေ့ရက်တွေကုန်ဆုံးပါစေ.. အချစ်တွေကပြောင်းလဲခြင်းမရှိဘဲ သူမနဲ့နီးစပ်ဖို့ အရာရာတိုင်းကိုကြိုးစားခဲ့တဲ့ ကောင်လေးရဲ့အချစ်စစ်အကြောင်းလေးပါ။ မမနဲ့မောင်လေးဇာတ်လမ်းမျိုးဖြစ်‌လို့ feel လို့ကောင်းအောင်ကို ပုံဖော်ရိုက်ကူးထားတာ အသေချာပါပဲ။ Janie နဲ့ Gulf တို့ ဇာတ်လမ်းသစ်ကတော့ ထွက်မလာသေးတာတောင် စိတ်ဝင်စားမှုတွေ မြင့်တက်နေကြပါပြီ။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Story