၂၀၀၀ ခုနှစ်​တွေမှာ K-Drama ​လောကကို စိုးမိုးခဲ့တဲ့ ထိပ်တန်းမင်းသမီး (၁၀) ဦး

ကိုရီးယားရိုးရာယဉ်က​ေျးမှုနဲ့ အနုပညာ​တွေဟာ ၁၀ စုနှစ်တစ်ခုအတွင်း ကမ္ဘာတစ်ဝှမ်းမှာ နာမည်​ကျော်ကြား လူကြိုက်များလာခဲ့ပါတယ်။ အထူးသဖြင့် K-Pop နဲ့ K-Drama ​တွေဟာ Hallyu Wave ကို ဖန်တီးခဲ့တဲ့ အဓိကအရင်းအမြစ်​တွေပဲဖြစ်ပါတယ်။

ယခု​ခေတ်မှာ BTS နဲ့ BLACKPINK တို့ရဲ့ ဆံပင်စတိုင်​တွေ၊ ဖက်ရှင်​တွေကို အတုယူဝတ်ဆင်ကြသလို ၂၀၀၀ ခုနှစ်​တွေမှာဆိုရင်လည်း ကိုရီးယားမင်းသားမင်းသမီးအချို့ရဲ့ ဆံပင်စတိုင်​တွေ၊ ဝတ်စားဆင်ယင်ပုံ​​တွေက ​နိုင်ငံရပ်ခြားထိ ခေတ်စားခဲ့ပါတယ်။ ယခု​ဖော်ပြ​ပေးချင်တာက​တော့ ၂၀၀၀ ခုနှစ်​တွေမှာ K-Drama ​လောကကို စိုးမိုးပြီး Hallyu Wave ကို ဖန်တီးခဲ့တဲ့ ထိပ်တန်းမင်းသမီး ၁၀ ဦးပဲဖြစ်ပါတယ်။ သူတို့က​တော့…

  1. Choi Ji Woo

Choi Ji Woo က​တော့ ကိုရီးယားယဉ်​ကျေးမှုကို အာရှတိုက်တစ်ခွင် စတင်ပျံ့နှံ့​စေခဲ့တဲ့ အဓိကဇာတ်​လမ်းတွဲ​တွေမှာ သရုပ်​ဆောင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ Winter Sonata (2002) မှာ Jung Yoo Jin အဖြစ်၊ Stairway to Heaven (2003) မှာ Han Jung Seo အဖြစ် သရုပ်​ဆောင်ပြီး သမိုင်းဝင်မင်းသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။

မင်းသား Bae Yong Joon နဲ့အတူ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ပါဝင်တဲ့ Nami ကျွန်းဟာဆိုရင် ဒီဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီး​နောက် ကမ္ဘာလှည့်ခရီးသွား​တွေကြားမှာ အရမ်းကို ​​ရေပန်းစားလာခဲ့ပါတယ်။

  1. Song Hye Kyo

ဒီအ​ကျော်​ဇေယျ မင်းသမီးက​တော့ အခုချိန်ထိ K-drama ​လောကကို စိုးမိုး​နေတုန်းပါပဲ။ သူမက​တော့ Autumn in My Heart (2000) ဇာတ်လမ်းတွဲမှာ Choi Eun Seo, Full House (2004) ဇာတ်လမ်းတွဲမှာ Han Ji Eun စတဲ့ ဇာတ်​ကောင်​တွေကို သရုပ်​ဆောင်ပြီး​ Hallyu Wave ကို ဖြန့်ကျက်ခဲ့သူပါ။

သူမရဲ့ Full House ဇာတ်ကားထဲက ဆံပင်စတိုင်၊ အဝတ်အစား၊ အဆင်တန်ဆာ​တွေဟာ အရမ်းကို လူကြိုက်များခဲ့သလို အဲ့ဒီ​နောက် K-drama ​လောကထဲမှာ အချစ်ဟာသကား​တွေ ပိုပြီး​နေရာရလာခဲ့ပါတယ်။ သူမဟာ All In (2003) ဇာတ်ကားမှာ Lee Byung Hun, Worlds Within (2008) ဇာတ်ကားမှာ Hyun Bin စသဖြင့် နာမည်ကြီးမင်းသား​​တွေနဲ့လည်းအတူ တွဲဖက်သရုပ်​ဆောင်ခဲ့ဖူးပါ​သေးတယ်။ ယခုအချိန်ထိ သူမဟာ ကမ္ဘာတစ်လွှားက နာမည်ကြီးဇိမ်ခံ brand ​တွေရဲ့ brand ambassador အဖြစ်လည်း လုပ်​ဆောင်​နေဆဲဖြစ်ပါတယ်။

  1. Kim Tae Hee

ကိုရီးယားနိုင်ငံရဲ့ စံပြအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး Kim Tae Hee က​တော့ Stairway to Heaven (2003) ဇာတ်လမ်းတွဲမှာ Han Yuri အဖြစ် သရုပ်​ဆောင်ပြီး တစ်ဟုန်ထိုး​အောင်မြင်လာခဲ့တာပါ။ အဲ့ဒီ​နောက် Love Story in Harvard (2004) နဲ့ Iris (2009) ​ဇာတ်ကား​တွေမှာ သူမရဲ့ သဘာဝကျတဲ့ သရုပ်​ဆောင်မှုကို ပြသနိုင်ခဲ့ပြီး ထို​ခေတ်က ​K-drama ​​လောကမှာ ဘုရင်မတစ်ပါးဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ Hi Bye, Mama! ဇာတ်လမ်းတွဲမှာလည်း အချစ်ကြီးတဲ့မိခင် Cha Yuri အဖြစ်နဲ့ ပရိသတ်​တွေရဲ့ အချစ်ကို များစွာရရှိခဲ့ပါတယ်။

  1. Lee Young Ae

မင်းသမီး Lee Young Ae ကို​တော့ ကိုရီးယားပြည်တွင်းမှာ ကြည့်ရှုနှုန်းအမြင့်ဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Dae Jang Geum (2003) နဲ့ လူသိများပါတယ်။ ဒီဇာတ်လမ်းဟာ ဂျိုဆွန်းမင်းဆက်က ပထမဆုံးအမျိုးသမီး နန်းတွင်းသမား​တော်အ​ကြောင်းကို ပုံ​ဖော်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပြီး နိုင်ငံ ၉၁ နိုင်ငံမှာ ပြသရတဲ့အထိ ​အောင်မြင်ခဲ့ပါတယ်။ ဒါ​ကြောင့် မင်းသမီး Lee Young Ae နဲ့ ဒီဇာတ်ကားကို ခွဲခြားမရသလို ကိုရီးယားသမိုင်းကို ကမ္ဘာကသိ​အောင် လုပ်​ဆောင်​ပေးခဲ့တဲ့ အဓိကပြယုဂ်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။

  1. Ha Ji Won

မင်းသမီး Ha Ji Won က​တော့ Life is Beautiful (2001) ဇာတ်လမ်းတွဲမှာ မင်းသား Kim Rae Won နဲ့အတူ ပထမဆုံး​ခေါင်း​ဆောင်မင်းသမီးအဖြစ် သရုပ်​ဆောင်ခဲ့ပါတယ်။ အဲ့ဒီ​နောက် အရမ်းကို လူကြိုက်ခဲ့တာ​ကြောင့် ထုတ်လုပ်​ရေးစရိတ်များပြီး ရှုပ်​ထွေး​ပွေလီတဲ့ Demo (2003) ဆိုတဲ့ သမိုင်းရာဇဝင်ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။

ဆက်လက်ပြီး ၂၀၀၄ ခုနှစ်မှာ အာရှနိုင်ငံ​တော်​တော်များများမှာ ပြသခဲ့ပြီး လူကြိုက်များခဲ့တဲ့ What Happened in Bali ဇာတ်ကားမှာ သရုပ်​ဆောင်ခဲ့ပြီး ပိုပြီး နာမည်ရကာ ထို​ခေတ်ရဲ့ ထိပ်တန်းမင်းသမီး​တွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။

  1. Kim Jung Eun

မင်းသမီး Kim Jung-Eun က​တော့ Lovers in Paris (2004) ဇာတ်လမ်းတွဲထဲက Kang Tae-young ဇာတ်​ကောင်နဲ့ ပရိသတ်​တွေရဲ့ နှလုံးသားထဲမှာ ​နေရာယူခဲ့ပါတယ်။ ဒီဇာတ်​ကောင်​ကြောင့် သူမဟာ ၂၀၀၄ ခုနှစ် SBS Drama Awards မှာ Daesang ဆုကို ရရှိခဲ့သလို အခြားဆု​ပေးပွဲ​တွေမှာလည်း Best Actress ဆုကို ၄ ဆု​တောင်ရရှိခဲ့ပါတယ်။ သူမကို ၂၀၁၀ ခုနှစ်မှာ ပြသခဲ့တဲ့ ဂီတအချစ်ဇာတ်ကား I Am Legend နဲ့လည်း လူသိများပါတယ်။

  1. Lee Da Hae

၂၀၀၅ ခုနှစ်မှာ Green Rose နဲ့ My Girl ဇာတ်ကား​တွေနဲ့ spotlight ရရှိခဲ့တာက​​တော့ မင်းသမီး Lee Da Hee ပဲဖြစ်ပါတယ်။ Green Rose က​တော့ ဝမ်းနည်းစရာအ​ဆွေးဇာတ်လမ်းဖြစ်ပြီး My Girl က အချစ်ဟာသကားဖြစ်တ​ာကြောင့် ဇာတ်ကား ၂ ခုဟာ လုံးဝကွဲပြား​ပေမဲ့ သူမဟာ ကာရိုက်တာ ၂ ခုလုံးကို ပိုင်နိုင်စွာ သရုပ်​ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲ ၂ ခုလုံးဟာ နိုင်ငံခြားမှာပါ ​အောင်မြင်ခဲ့တာ​ကြောင့် Lee Da Hee ကလည်း နိုင်ငံရပ်ခြားမှာပါ စတင်ပြီး နာမည်​ကျော်ကြားလာခဲ့ပါတယ်။

  1. Yoon Eun Hye

Yoon Eun-Hye က​တော့ မင်းသမီးမဖြစ်ခင်မှာ ပထမမျိုးဆက် K-pop မိန်းက​လေးအဖွဲ့ဖြစ်တဲ့ Baby V.O.X အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ​နောက် Princess Hours (2006) ဇာတ်လမ်းတွဲမှာ ​ခေတ်သစ်​တော်ဝင်မင်းသမီး​လေး Shin Chae Kyung အဖြစ် သရုပ်​ဆောင်ပြီး နာမည်ရလာခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ အာရှတိုက်တစ်ခွင်မှာ ​အောင်မြင်​ကျော်ကြားလာပြီး​နောက် နိုင်ငံ​တော်​တော်များများမှာ ပြသခဲ့တဲ့ Coffee Prince (2007) ဇာတ်လမ်းတွဲမှာ Go Eun Chan အဖြစ် သရုပ်​ဆောင်ခဲ့ပြီး Korean Wave ရဲ့ တ​စ်​ထောင့်တစ်​နေရာမှာ ပါဝင်ခဲ့ပါတယ်။

  1. Song Ji Hyo

Princess Hours (2006) ဇာတ်လမ်းတွဲမှာ ကျက်သ​ရေရှိပြီး လှပတဲ့ ဘဲ​လေးက​ချေသည်အဖြစ်တစ်ဖုံ၊ အိမ်​ရှေ့စံမင်းသား​လေးရဲ့ အချစ်ဦးအဖြစ်တစ်မျိုး၊ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ သနားစရာဗီလိန် Min Hyo Rin အဖြစ်တစ်သွယ် စသဖြင့် Song Ji Hyo ဟာ ဇာတ်ကားတစ်ကားတည်းနဲ့ ပရိသတ်​တွေရဲ့ အာရုံကို အမျိုးမျိုးဖမ်းစားခဲ့ပါတယ်။

သူမဟာ နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Jumong (2006) မှာလည်း Lady Ye Soya အဖြစ်သရုပ်​ဆောင်ခဲ့ပါ​သေးတယ်။ သူမဟာ ယ​နေ့အချိန်ထိ Running Man အဖွွဲ့ဝင်အဖြစ်ရှိ​နေ​သေးသလို ဇာတ်ကား​တွေကိုလည်း ရိုက်ကူး​နေဆဲဖြစ်ပါတယ်။

  1. Han Hyo Joo

မင်းသမီး Han Hyo Joo က​တော့ ၂၀၀၀ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ K-Drama ​လောကကို စတင်ဝင်​ရောက်လာတဲ့ မျက်နှာသစ်သရုပ်​​ဆောင်ဖြစ်ပါတယ်။ သူမဟာ Spring Waltz (2006) ဇာတ်လမ်းတွဲမှာ Park Eun Young အဖြစ် သရုပ်​​ဆောင်ပြီး ပရိသတ်​တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ထို့​နောက် Shining Inheritance (2009) နဲ့ Dong-yi (2010) ဇာတ်လမ်းတွဲ​တွေကို ရိုက်ကူးခဲ့ပြီး နိုင်ငံရပ်ခြားမှာပါ နာမည်​ကျော်ကြား လူကြိုက်များခဲ့ပါတယ်။ ယခု ၂၀၂၁ ခုနှစ် နှစ်ကုန်​လောက်မှာလည်း သူမရဲ့ ဇာတ်လမ်းတွဲသစ် ထွက်ရှိလာဦးမှာဖြစ်ပါတယ်။

Source : Allkpop
Photo : Allkpop
Written : ZL