လာမယ့် စက်တင်ဘာလထဲမှာ ပရိသတ်​တွေရဲ့ အာရုံကို ဖမ်းစားဖို့ ​စောင့်​ကြိုနေတဲ့ အမိုက်စား K-drama များ

မကြာခင် ၁ ရက် ၂ ရက်အတွင်းမှာ သြဂုတ်လကုန်လို့ စက်တင်ဘာလကို ကူး​ပြောင်း​တော့မှာဖြစ်ပါတယ်။ ဒါ​က အထူးအဆန်းကိစ္စ​တော့ မဟုတ်ပါဘူး။ ဒါ​ပေမဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလဟာ K-drama ချစ်သူ​တွေအတွက်​တော့ စိတ်လှုပ်ရှားစရာ​ကောင်းတဲ့ လတစ်လဖြစ်ပါတယ်။ ဘာလို့လဲဆို​တော့ ပရိသတ်​တွေရဲ့ အာရုံကိုဖမ်းစားပြီး ကြည့်ရှုသူ​တွေရဲ့ ရင်ထဲစွဲကျန်ရစ်​စေမယ့် drama ကား​ကောင်း​တွေကို ထိုလထဲမှာ ပြသသွားမှာမို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်လမ်းတွဲ​တွေက​တော့…

  1. Lost (Jeon Do Yeon, Ryu Joon Yeol)

ဒီဇာတ်လမ်း​​လေးထဲမှာဆိုရင် ဇာတ်ကားနာမည်အတိုင်း အသက်အရွယ်မ​ရွေး လူသား​တွေမှာ ဖြစ်​လေ့ဖြစ်ထရှိတဲ့ ကိုယ်​​​ရေးကိုယ်တာ အခက်အခဲ​တွေနဲ့ လမ်း​ပျောက်​နေတဲ့ ဘဝအ​ကြောင်းကို ရိုက်ကူးပြသထားပြီး နက်ရှိုင်းပြီး ရင့်ကျက်တဲ့ ဇာတ်ညွှန်းမျိုးဖြစ်ပါတယ်။

ဒီ drama ထဲမှာ အသက်​မွေးဝမ်း​ကြောင်း အလုပ်ထဲမှာပဲ ပိတ်မိ​နေသလို ခံစားရပြီး ဘဝမှာ ဘာမှဖြစ်ဖြစ်​မြောက်​​မြောက် မရှိ​သေးဘူးလို့ ခံစား​နေရတဲ့ အသက် ၄၀ အရွယ် သရဲဝတ္ထု​ စာ​ရေးဆရာမ Bu Jung အဖြစ် Jeon Do Yeon က သရုပ်​ဆောင်ထားပါတယ်။

Ryu Joon Yeol က​တော့ ဘဝမှာ ဘာလုပ်ရမှန်းမသိပဲဖြစ်​နေပြီး အသုံးမကျတဲ့သူအဖြစ်နဲ့ အဆုံးသတ်သွားမှာကို ​စိုးရွံ့​နေတဲ့ အသက် ၂၇ နှစ်အရွယ်​ကောင်​လေး Kang Jae အဖြစ် သရုပ်​ဆောင်ထားပါတယ်။ ‘Lost’ ဇာတ်လမ်းတွဲကို စက်တင်ဘာလ ၄ ရက်​နေ့က စပြီး အပတ်စဉ် စ​နေ၊တနင်္ဂ​နွေ​နေ့​တွေမှာ JTBC ရုပ်သံလိုင်းက​နေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

  1. High Class (Cho Yeo Jeong, Kim Ji Soo, Park Se Jin, Gong Hyun Joo)

သင်ဟာ ‘Penthouse’, ‘Graceful Family’,‘SKY Castle’ ဇာတ်လမ်းတွဲ​တွေကို ကြိုက်နှစ်သက်တဲ့သူဆိုရင်​​တော့ ဒီ ‘High Class’ ကိုလည်း နှစ်သက်မှာ အ​သေအချာပါပဲ။ ဒီဇာတ်ကားထဲမှာဆိုရင် ကိုရီးယားနိုင်ငံရဲ့ လူ့အသိုင်းအဝိုင်းမှာ အချမ်းသာဆုံး၊ ဂုဏ်သ​ရေအရှိဆုံး၊ အ​လေးစားခံရဆုံး မိသားစု​တွေရဲ့အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားပါတယ်။

လျှို့ဝှက်နက်နဲတဲ့ ဒီ drama မှာ ထိပ်တန်းအဆင့် အိမ်​ထောင်ရှင်အမျိုးသမီး​တွေရဲ့ ဘဝ၊ သူတို့ဖုံးကွယ်ထားတဲ့ ​ကြောက်မက်ဖွယ်ရာ အ​မှောင်ဘက်ခြမ်းနဲ့ သူတို့ရဲ့ မျက်နှာအစစ်အမှန်က ဘာလဲဆိုတာကို ရင်ဖိုစွာ ကြည့်ရှုရမှာပါ။

ဒါ့အပြင် ဒီ ‘High Class’ ဇာတ်ကားထဲမှာ Cho Yeo-Jeong, Kim Ji-Soo, Park Se-Jin နဲ့ Gong Hyun-Joo စတဲ့ နာမည်ကြီး ဝါရင့်သရုပ်​ဆောင်​​တွေက ပါဝင်သရုပ်​ဆောင်ထားပြီး စက်တင်ဘာလ ၆ ရက်​နေ့ကစလို့ tvN ရုပ်သံလိုင်းက​နေ အပတ်စဉ် တနင်္လာ၊ အင်္ဂါ​နေ့​တွေမှာ ပြသသွားမှာဖြစ်ပါတယ်။

  1. One the Woman (Lee Ha Nee, Lee Sang Yoon)

ဒီဇာတ်ကား​လေးက​တော့ K-drama ​တွေထဲမှာ မကြည့်ရတာကြာပြီဖြစ်တဲ့ ဟာသအမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ​တော့ အမှုကိစ္စတစ်ခု​မှာ ပါဝင်ပတ်သက်ပြီ​းနောက် အတိတ်​မေ့သွားခဲ့တဲ့ အမှုစစ် Jo Yeon Joo အဖြစ် Lee Ha Nee က သရုပ်​ဆောင်ထားပါတယ်။

အတိတ်​​မေ့​ရောဂါရရှိသွားပြီး​နောက် သူမဟာ သူမနဲ့ ရုပ်ချင်းတူတဲ့ ချမ်းသာတဲ့ မိသားစုကြီးတစ်ခုက ​ချွေးမ Kang Mi Na အဖြစ် ​နေထိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။ ဒီ ‘One the Woman’ ဇာတ်လမ်းတွဲကို​တော့ စက်တင်ဘာလ ၁၇ ရက်​နေ့က စပြီး SBS ရုပ်သံလိုင်းက​နေ အပတ်စဉ် ​သောကြာနဲ့စ​နေ​နေ့​တွေမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

  1. Squid Game (Lee Jung Jae, Park Hae Soo)

သင်ဟာ အသည်းတလှပ်လှပ်နဲ့ ကြည့်ရှုရမယ့် ​ကြောက်မက်ဖွယ်ရာ ဇာတ်ကား​ကောင်းကို လိုက်ရှာ​နေတယ်ဆိုရင်​တော့ Netflix ရဲ့ ဒီဇာတ်ကားက အံကိုက်ပါပဲ။ ပိုစတာကို ကြည့်ရုံနဲ့တင် ဘယ်​လောက်​​တောင် သည်းထိတ်ရင်ဖိုဖြစ်မလဲဆိုတာ ခန့်မှန်းလို့ရ​နေပါပြီ။

ဒီဇာတ်ကားထဲမှာဆိုရင် အလုပ်ပြုတ်ပြီး​နောက် ဘဝကို အခက်အခဲ​တွေနဲ့ ဖြတ်သန်း​နေရတဲ့ Ki Hoon ဆိုသူအဖြစ် Lee Jung Jae က သရုပ်​ဆောင်ထားပါတယ်။ သူ့ရဲ့ စိတ်ပြင်းပြမှု​ကြောင့် အနိုင်ရရှိသူကို ဝမ် ၄၅.၆ ဘီလီယံ ချီးမြှင့်မယ့် survival game တစ်ခုကို ဝင်ပြိုင်မိလိုက်ပါတယ်။

အဲ့ဒီ​နောက်မှာ​တော့ ဒီဂိမ်းဟာ သူ့ရဲ့ အသက်ကို ​လောင်း​ကြေးထပ်ထားရတဲ့ဂိမ်းဆိုတာကို သ​ဘော​ပေါက်သွားခဲ့ပါ​တော့တယ်။ ‘Squid Game’ ဇာတ်လမ်းတွဲကို​တော့ စက်တင်ဘာလ ၁၇ ရက်​နေ့မှာ Netflix က​နေ ပြသသွားမှာဖြစ်ပါတယ်။

  1. The Veil (Namkoong Min)

‘The Veil’ ဇာတ်လမ်းတွဲက​တော့ မျက်စိ​​ဒေါက်​ထောက်ပြီး ကြည့်ရှုရမယ့် မှုခင်းအက်ရှင်ဇာတ်လမ်းတွဲသစ်​လေးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသား Namkoong Min က အဓိကပါဝင်သရုပ်​ဆောင်ထားပြီး ကိုရီးယားအမျိုးသားလုံခြုံ​ရေးဌာန (NIS) က အ​တော်ဆုံး​အေးဂျင့် Han Ji Hyuk အဖြစ် ​တွေ့မြင်ရမှာဖြစ်ပါတယ်။ သူဟာအ​တော်ဆုံး​အေးဂျင့်ဖြစ်ပေမဲ့လည်း NIS ကို ဒုက္ခအကြီးကြီး​ရောက်​စေမယ့် ကိစ္စမှာ ပါဝင်ပတ်သက်မိပြီး ဒီကိစ္စ​ကြောင့်ပဲ သူဟာ ​ခြေရာ​ဖျောက်ပြီး ဇာတ်မြှုပ်​နေခဲ့ပါတယ်။

​နောက်တစ်နှစ်အကြာမှာ​တော့ သူဟာ သူ့ကို ဒုက္ခ​ရောက်​အောင် ပြုလုပ်သွားတဲ့ သစ္စာ​ဖောက်ကို ရှာ​ဖွေဖို့ ပြန​်ရောက်လာပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အပိုင်း ၁၂ ပိုင်း ပါရှိတဲ့ ဒီ drama ​ကို​တော့ စက်တင်ဘာလ ၁၇ ရက်​နေ့က စပြီး အပတ်စဉ် ​သောကြာ၊ စ​နေ​နေ့​​တွေမှာ MBC ရုပ်သံလိုင်းက ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

  1. Yumi’s Cells (Kim Go Eun, Ahn Bo Hyun)

မင်းသမီး Kim Go Eun အဓိက ပါဝင်ထားတဲ့ ဒီ​ပေါ့​ပေါ့ပါးပါးဇာတ်ကား​လေးကလည်း ​နောက်လအတွက် သင့်ရဲ့ watchlist ထဲကို ထည့်ထားသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း​လေးက​တော့ နာမည်တူ webtoon ​ပေါ်ကို အ​ခြေခံထားပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်း​နေတဲ့ Yu Mi ဆိုတဲ့ ​ကောင်မ​လေးအ​ကြောင်းကို ပုံ​ဖော်ထားတာဖြစ်ပါတယ်။

သူမဟာ တက်ကြွတဲ့ အကျင့်စရိုက်ရှိ​ပေမဲ့ သူမရဲ့ စိတ်ခံစားချက် အစစ်အမှန်ကို ​ဖော်ပြရာမှာ အခက်အခဲရှိ​​​နေပါတယ်။ ဒါ​ကြောင့် သူမရဲ့ စိတ်ခံစားချက်ကို လွတ်လပ်စွာ ​ဖော်ပြနိုင်ဖို့ သူမရဲ့ ခန္ဓါကိုယ်ထဲက ဆဲလ်​လေး​တွေက ဘယ်လိုကူညီကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းဆန်းဆန်း​လေးဖြစ်ပါတယ်။ ဒီဇာတ်ကားကို စက်တင်ဘာလ ၁၇ ရက်​နေ့ကစလို့ အပတ်စဉ် ​သောကြာ​နေ့တိုင်း TVING က​နေ ပြသသွားမှာဖြစ်ပါတယ်။

  1. A Gentleman and a Young Lady (Ji Hyun Woo, Lee Se Hee)

ဒီဇာတ်လမ်း​လေးမှာ​တော့ Ji Hyun Woo နဲ့ Lee Se Hee တို့ ပါဝင်သရုပ်​ဆောင်ထားပြီး သမားရိုးကျမဟုတ်​ပေမဲ့ လက်​တွေ့ဆန်တဲ့ အချစ်ဇာတ်လမ်း​လေးဖြစ်ပါတယ်။ Lee Young Koon (Ji Hyun Woo) ဟာ ဆုံးပါးသွားတဲ့ ဇနီးဖြစ်သူကို ​မေ့လို့မရနိုင်​သေးတဲ့ မုဆိုးဖိုတစ်​ယောက်ဖြစ်ပြီး သူ့မှာ ပြုစု​စောင့်​ရှောက်ရမယ့် က​လေး ၃ ​ယောက် ကျန်​​နေခဲ့ပါတယ်။

သူဟာ single father ဖြစ်လာတဲ့အခါ အလုပ်တစ်ဖက်နဲ့ က​လေး​တွေကို အချိန်ပြည့် ကြည့်ရှုစောင့်​ရှောက်ဖို့ မဖြစ်နိုင်တဲ့အခါ Park Dan Hee (Lee Se Hee) ဆိုတဲ့ tutor ဆရာမကို ငှားရမ်းခဲ့ပါ​တော့တယ်။ အဲ့ဒီ​နောက်မှာ​တော့ သူတို့ ၂ ​ယောက် ဘယ်လိုချစ်မိသွားကြမလဲဆိုတာ ရင်ခုန်စွာ ​ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီ ‘A Gentleman and a Young Lady’ ဇာတ်ကားကို​တော့ စက်တင်ဘာလ ၁၈ ရက်​နေ့က​ စတင်ပြီး အပတ်စဉ် စ​နေနဲ့ တနင်္ဂ​နွေ​နေ့​တွေမှာ KBS2 ရုပ်သံလိုင်းက​နေ ပြသသွားမှာဖြစ်ပါတယ်။

  1. Dali and the Cocky Prince (Kim Min Jae, Park Gyu Young)

ဒီဇာတ်လမ်း​လေးကတော့ တစ်​ယောက်ရဲ့​ အ​​ကြောင်းကို တစ်​ယောက်က မသိပဲနဲ့လည်း ဖူးစာဆုံနိုင်တယ်ဆိုတာကို ရိုက်ပြထားတဲ့ ချိုမြိန်တဲ့ အချစိကား​လေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ​တော့ Kim Min Jae က ကမ္ဘာ​က​ေျာ် စား​သောက်ဆိုင်လုပ်ငန်းပိုင်ရှင်ရဲ့ ဒုတိယသား Jin Moo Hak အဖြစ်သရုပ်​ဆောင်ထားပါတယ်။

သူက စာ​တော့မ​တော်​ပေမဲ့ ပိုက်ဆံရှာတဲ့​နေရာမှာ ထူးချွန်ပါတယ်။ Park Gyu Young က​တော့ ကိုရီးယားမှာ အချမ်းသာဆုံး မိသားစုရဲ့ တစ်ဉီးတည်း​သောသမီး​လေး Kim Dal Ri အဖြစ် သရုပ်​ဆောင်ထားပါတယ်။ သူမဟာလည်း အရည်အချင်းရှိပြီး သွက်လက်တက်ကြွတဲ့ မိန်းက​လေးဖြစ်ပါတယ်။

အဲ့ဒီ​​နောက် Dal Ri နဲ့ Moo Hak တို့ဟာ အမှတ်မထင်​တွေ့ဆုံမိပြီး တစ်​ယောက်အ​ကြောင်းတစ်​ယောက်မသိပဲ ခံစားချက်​တွေတိုးပွားလာပါ​တော့တယ်။ ‘Dali and the Cocky Prince’ ဇာတ်လမ်းတွဲကို​​တော့ စက်တင်ဘာလ ၂၂ ရက်​နေ့ကစပြီး KBS2 ရုပ်သံလိုင်းက​နေ အပတ်စဉ် ဗုဒ္ဓဟူး​နေ့နဲ့ ကြာသာပ​တေး​နေ့​တွေမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

  1. Hometown (Yoo Jae Myung, Han Ye Ri, Uhm Tae Goo)

​စက်တင်ဘာလထဲမှာပဲ ပြသသွားမယ့် ​နောက်ထပ် မှုခင်းသည်းထိတိရင်ဖိုဇာတ်လမ်းက​တော့ Yoo Jae Myung, Han Ye Ri နဲ့ Uhm Tae Goo တို့ ပါဝင်တဲ့ ‘Hometown’ ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Choi Hyung In (Yoo Jae Myung) တစ်​ယောက် စုံ​ထောက်အဖြစ် အလုပ်လုပ်တဲ့ ၉၀ ခုနှစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပြီး သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က အကြမ်းဖက်မှုတစ်ခု​ကြောင့် သူ့ရဲ့ဇနီးကို ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုနဲ့ သူဟာ အမှုတစ်ခုအတွက် တာဝန်​ပေးခံရလို့ လိုက်လံစုံစမ်းရင်း ဒီလူ​တွေဟာ သူ့မိန်းမ​ကို ​သေဆုံး​အောင် လုပ်ခဲ့တဲ့ တရားခံ​တွေနဲ့ ဆက်စပ်​နေတာကို သိရှိသွားခဲ့ပါတယ်။ အဲ့ဒီ​နောက်မှာ​တော့ သူဟာ သူ့ရဲ့ မိန်းမအတွက် တရားမျှတမှုကို ဘယ်လိုရှာ​ဖွေပြီး လက်တုံ့ပြန်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ‘Hometown’ ဇာတ်ကားကို​တော့ tvN ရုပ်သံလိုင်းက​နေ စက်တင်ဘာလ ၂၂ ရက်​​နေ့ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသာပ​တေး​နေ့​တွေမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Source : inkiestyle
Photo : Instagram
Written : ZL