Celebrity News

နာရီတွေကို မြတ်နိုးသူ ထိပ်တန်းအနုပညာရှင် Lu Han အတွက် မထင်မှတ်ထားတဲ့ နစ်နာဆုံးရှုံးမှု

နာရီတွေကို တန်ဖိုးထား မြတ်နိုးသူ ထိပ်တန်းအနုပညာရှင် Lu Han ဟာ ဆွစ်ဇာလန် နာမည်ကြီး နာရီ Brand အမှတ်တံဆိပ် Audemars Piguet နဲ့ လက်တွဲမှုတွေကို ရပ်ဆိုင်းဖို့ ရွေးချယ်လိုက်ရတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

Lu Han ဟာ (၂၀၁၈)ခုနှစ်မှာ Audemars Piguet နဲ့ စတင်လက်တွဲခဲ့ပြီး ချိုင်းနားရဲ့ ပထမဆုံး Audemars Piguet Brand Ambassador ဖြစ်လာခဲ့ပါတယ်။ သို့ပေမယ့် ယခုအချိန်မှာတော့ Audemars Piguet နဲ့ လက်တွဲဖြုတ်ဖို့ ရွေးချယ်ခဲ့ရပြီ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ Audemars Piguet ရဲ့ CEO ဖြစ်သူ François-Henry Bennahmias ဟာ ဇွန်လက ဖြေကြားခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ထိုင်ဝမ်အား နိုင်ငံတစ်နိုင်ငံအဖြစ် ရည်ညွှန်းပြောဆိုခဲ့ရာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။

ချိုင်းနားဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်နယ်မြေကို ၎င်းတို့ပိုင်အဖြစ် ထိန်းချုပ်သတ်မှတ်ထားတာကြောင့် နိုင်ငံတစ်နိုင်ငံအဖြစ် ခွဲခြားခေါ်ဆိုမှုကို အင်တာနက်သုံးစွဲသူများ ဒေါသထွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၄) ရက်နေ့မှာတော့ Audemars Piguet ရဲ့ Weibo အကောင့်မှာ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ မှားယွင်းတဲ့ ထုတ်ပြန်ချက်အတွက် တောင်းပန်ပါကြောင်း၊ Audemars Piguet ဟာ ချိုင်းနားတစ်နိုင်ငံတည်းရဲ့ မူဝါဒကို အမြဲလိုက်နာခဲ့ပြီး ချိုင်းနားရဲ့ အမျိုးသားအချုပ်အခြာအာဏာနှင့် နယ်မြေအချုပ်အခြာအာဏာကို အခိုင်အမာကာကွယ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သို့သော်လည်း ထိုတောင်းပန်ခြင်းဟာ အလွန်ရိုးရှင်းလွန်းတယ်လို့ တစ်ချို့က ယူဆခဲ့ကြပြီး Brand Ambassador ဖြစ်သူ Lu Han ရဲ့ တုံ့ပြန်မှုကို ရရှိဖို့ ဖိအားပေးပြောဆိုမှုတွေ ပေါ်ပေါက်လာခဲ့တာကြောင့် Lu Han ရဲ့ စတူရီယိုက Audemars Piguet အနေနဲ့ ချိုင်းနား၊ အင်္ဂလိပ် ဘာသာစကားများဖြင့် ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းများပေါ်တွင် လူသိရှင်ကြားတောင်းပန်ရန် ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သူ့တို့ရဲ့ အနုပညာရှင် Lu Han ဟာလည်း Audemars Piguet နဲ့ လက်တွဲဖြုတ်ကြောင်းကို ကြေညာခဲ့ပါတယ်။ စာချုပ်သက်တမ်းမပြည့်ခင်မှာ စာချုပ်ရပ်ဆိုင်းဖို့ ရွေးချယ်လိုက်ရတာကြောင့် Lu Han ဟာ စာချုပ်အတိုင်း လျော်ကြေးငွေပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အနည်းငယ် အမှားအယွင်းရှိရုံနဲ့ ဆွဲချခံနေရတဲ့ ကာလဖြစ်တာကြောင့် Lu Han ရဲ့ ပရိတ်သတ်များကတော့ ဒီရွေးချယ်မှုဟာ လုံခြုံစိတ်ချရတယ်လို့ ယူဆရကြောင်း ပြောကြားနေကြတာကို တွေ့ရပါတယ်။

Written : Nair Nair
Source : Dpanda
Photos : Global