Celebrity News

solo debut အကြောင်း အားလုံးသိထားသင့်တဲ့ ထူးခြားချက်လေးတွေအကြောင်း ဖော်ပြခဲ့သူ Lisa

September 10 ရက်နေ့မှာပဲ Lisa ဟာ သူမရဲ့ ပထမဆုံး solo mini album “LALISA” မထွက်လာခင် အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲတစ်ခုကို လက်ခံပြုလုပ်ခဲ့ပါတယ်။ အားလုံးကမျှော်လင့်စောင့်စားနေတဲ့ solo debut ကို ပြုလုပ်နိုင်ခဲ့တဲ့အပေါ် ရင်တွင်းခံစားချက်တွေအား မျှဝေပေးခဲ့ပါတယ်။

Lisa က “ကျွန်မ စိတ်တွေလှုပ်ရှားနေပါတယ်။ အခုချိန်ထိလည်း မယုံကြည်နိုင်သေးဘူး။ ကကွက်တွေကို လေ့ကျင့်တဲ့အချိန်မှာတောင် ဒါတွေက တကယ်ဖြစ်နေတာကော ဟုတ်ရဲ့လား ဆိုပြီးတွေးမိနေပါသေးတယ်။ MV ရိုက်ကူးတဲ့အချိန်မှသာ ငါ တကယ်ကိုလုပ်နိုင်ခဲ့ပြီ.. ဒါဟာ အစစ်အမှန်ပဲဆိုပြီး စတင်ခံစားခဲ့ရပါတယ်။ ကျွန်မရဲ့ ပထမဆုံးသော တကိုယ်တော်ဖန်တီးမှုတွေကို ပြသခွင့်ရခဲ့လို့ တကယ်ကိုပျော်ရွှင်နေပါတယ်။

BLINK တို့လည်း သဘောကျကြမယ်လို့ ထင်ပါတယ်။ ကျွန်မအတွက် ပထမဆုံးသော solo album ‘Lalisa’ က ကျွန်မအတွက် တကယ်ကို အဓိပ္ပါယ်တွေ အများကြီး‌ရှိနေပါတယ်။ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ကြတဲ့ BLINK တွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ပြင်ဆင်ဖို့အတွက် အများကြီးကြိုးစားထားပါတယ်” ဆိုပြီး ရင်ခုန်စွာနဲ့ ပြောဆိုခဲ့ပါတယ်။

Album နာမည်ကို “LALISA” လို့ ရွေးဖြစ်ရတဲ့အကြောင်းကိုမေးတော့ “ဒီ album ကနေတဆင့် လန်းထွက်နေတဲ့ ကျွန်မရဲ့ပုံစံအသစ်ကို ချပြချင်လို့ပါ။ Lalisa ဆိုတဲ့ ကျွန်မရဲ့ ပုံစံအစစ်အမှန်ကို တထပ်တည်း ချပြချင်တယ်။ ဒါ့ကြောင့်မို့လို့ ဒီနာမည်ကို ရွေးချွယ်ဖြစ်ခဲ့တာပါ” ဆိုပြီး ဖြေပေးခဲ့ပါတယ်။

Title track ဖြစ်တဲ့ “Lalisa” သီချင်းအကြောင်းကိုတော့ Lisa က “ဒီသီချင်းက ကျွန်မနာမည်ရဲ့ အင်အားကြီးမားမှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ကြီးမားမှုတွေကို ဖော်‌ပြနေတယ်လို့ ထင်ပါတယ်။ ဒီသီချင်းကို နားထောင်ပြီးတဲ့လူတိုင်းက ‘Wow, ဒီလိုသီချင်းမျိုးက Lisa တစ်ယောက်ပဲလုပ်နိုင်သေးတဲ့ သီချင်းမျိုးပါ့လား’ ဆိုပြီး ဖြစ်သွားမယ်လို့ ‌တွေးမိပါတယ်။

ကကွက်ကလည်း လိုက်ပြီးကဖို့ လွယ်တယ်။ ဒါကြောင့်မို့လို့ အားလုံးလည်း သီချင်းမှာ စီးမြောသွားရင်း အက, လိုက်ကရတာကိုလည်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြန်ဖြေကြားခဲ့ပါသေးတယ်။ Music video ရဲ့ ထူးခြားချက်ကိုလည်း Lisa က အခုလိုပြောပြလာပါတယ်။

“ကျွန်မကလေ ‘Lalisa’ ဆိုတဲ့သီချင်းကို ထိုင်းခံစားချက်မျိုးရစေချင်တာ.. ဒါကြောင့်မို့လို့ အပြင်အဆင်နဲ့ အဝတ်အစားပိုင်းတွေက ထိုင်းအငွေ့အသက်တွေ ပါဝင်နေပါလိမ့်မယ်။ Thai vibe ခံစားချက်မျိုး ထည့်ချင်တယ်လို့ ပြောလိုက်တာ Teddy က သီချင်းကို Thai style ဖြစ်သွားအောင် ပြင်ဆင်ပေးခဲ့ပါတယ်။

ကျွန်မမှာ ကြည်နူးလွန်းလို့ ရင်ထဲထိသွားတာပဲ။ သီချင်း‌လေးထွက်လာတော့ သိပ်ကိုကြိုက်တယ်။ ကျွန်မကိုယ်တိုင်လည်း ထိုင်းဆန်ဆန်ဝတ်စုံတွေကို ဝတ်ထားပါသေးတယ်။ ဗီဒီယိုတစ်ခုလုံးက အကောင်းဆုံးနဲ့လှလှလေးထွက်လာတယ်လို့ ပြောရပါမယ်” လို့ အသေးစိတ်ပြောပြခဲ့ပြန်ပါတယ်။

ဆံမြိတ်ချတဲ့ Lisa အဖြစ် နာမည်ကြီးသူလေးကတော့ “LALISA” ထဲမှာတော့ သူမရဲ့ နဖူးလေးကို ပရိသတ်တွေအနေနဲ့ စောင့်ကြည့်ရမှာဖြစ်ကြောင်း မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ “မြင်တွေ့နေကျပုံစံမျိုးမဟုတ်ဘဲ မတူတဲ့ပုံစံကိုပြသချင်တာမို့လို့ ပထမဆုံးအကြိမ်အဖြစ် ဆံမြိတ်မချဘဲ နဖူးပြောင်လေးအတိုင်း ထည့်ရိုက်ထားသေးတယ်။

Fan တွေက ကျွန်မရဲ့ နဖူး အပြောင်သိမ်းထားတာလေးကို တခါမှ မမြင်ဖူးသေးဘူးလေ။ အသစ်အဆန်းချပြချင်တာမို့လို့ စိတ်ဒုန်းဒုန်းချပြီး နဖူးပြောင်လေးထည့်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ B-side “Money” သီချင်းကတော့ အားလုံးအကြိုက်တွေ့မယ့် hip hop သီချင်းမျိုး။ ကျွန်မတောင် နားထောင်ပြီးတာနဲ့ ဒီသီချင်းကို ဆိုချင်တယ်ဆိုပြီး ဖြစ်သွားသေးတယ်။ သီချင်းလေးက မြူးမြူးကြွကြွလေးပါ။ Solo Debut အကြောင်းပြောတော့ Jennie နဲ့ Rosé က အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လေ။

ဒါကြောင့်မို့လို့ ကျွန်မလည်း အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံးတွေ ချပြချင်ပါတယ်။ member တွေအကုန်လုံး music video ရိုက်ကွင်းကိုရောက်လာပြီး ကျွန်မကို အားပေးကြတယ်။ မနက်အစောကြီးဖြစ်နေတာတောင် ကျွန်မနဲ့အတူနေပေးကြတယ်။ သူတို့ရှိနေလို့ အဆင်ပြေချောမွေ့စွာပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ အသေးစိတ်ကို ဖြေကြားပေးခဲ့တာပါ။

Lisa က ပရိသတ်တွေကို လူချင်းတွေ့ရတဲ့အချိန်တွေအား လွမ်းကြောင်းကို “တခါတ‌ေလ concert video တွေကို ပြန်ကြည့်မိတိုင်း ပရိသတ်တွေရဲ့ရှေ့မှောက်မှာ လူကိုယ်တိုင်ဖျော်ဖြေရတာတွေကို ပြန်မြင်ရတော့ fan တွေနဲ့အတူ ‌လူချင်းမတွေ့ရတာ အတော်ကြာပြီဆိုတာကို တွေးမိပါတယ်။ ဒီအတွက်လည်း စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေရှိတာမို့လို့ စောင့်မျှော်နေကြပါနော်” ဆိုပြီး မျှော်လင့်ချက်တွေပေးသွားပါပြီ။

solo debut နဲ့ပတ်သက်လို့ ဘယ်လိုအောင်မြင်မှုမျိုးကို ရချင်လဲလို့ မေးတဲ့အခါ Lisa က “အဆင့်တွေကို အာရုံစိုက်မယ့်အစား နားဆင်တဲ့သူတွေက Lisa မှာလည်း ဒီလိုပုံစံမျိုးရှိတာပဲ လို့ အသိအမှတ်ပြုတာတွေကိုပဲ အလေးထားချင်ပါတယ်။ ကျွန်မရဲ့သီချင်းနဲ့ ဖျော်ဖြေမှုတွေက BLINK တွေကို ပျော်ရွှင်စေနိုင်မယ်ဆိုရင် ကျွန်မ ကျေနပ်ပါပြီ” လို့ ဖြေရင်း အဆုံးသတ်သွားပါတယ်။

Lisa ရဲ့ solo mini album “LALISA” ကတော့ September 10 ရက်နေ့မှာ စတင်ထွက်ရှိခဲ့ပြီး ပွဲဦးထွက် တင်ဆက်မှုအဖြစ် “Lalisa” သီချင်းနဲ့အတူ “The Tonight Show Starring Jimmy Fallon” မှာ ကိုရီးယားစံတော်ချိန် September 11 ရက်နေ့မှာ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Source: Soompi
Photos: Soompi
Translated by Julix