Chinese Celebrity

ဖြစ်မလာနိုင်တော့တဲ့ Wang Yibo နဲ့ Zhao Liying တို့ရဲ့ ထပ်မံပေါင်းစည်းရိုက်ကူးမှု

Wang Yibo နဲ့ Zanilia Zhao Liying တို့က Legend of Fei မှာ တော်တော်လေး တွဲဖက်ညီခဲ့ကြတာကို ဇာတ်လမ်းချစ်ပရိသတ်ကြီးတို့ သိကြပါလိမ့်မယ်။ ဒါကြောင့်မို့လို့လည်း သူတို့နှစ်ဦးက နောက်ထပ် ဇာတ်လမ်းသစ်ဖြစ်တဲ့ Wild Bloom မှာ ထပ်မံတွဲဖက်ရိုက်ကူး‌နိုင်ကြောင်း သတင်းတွေထွက်လာခဲ့ပါသေးတယ်။

သို့ပေမဲ့လည်း နှစ်ဖက်ပရိသတ်တွေကြား အကြီးအကျယ် ပြဿနာတက်ခဲ့တာကြောင့် ထုတ်လုပ်ရေးဖက်ကနေ နောက်ထပ် အရှုပ်အရှင်းတွေဖြစ်မလာအောင် ကြိုးစားတဲ့အနေနဲ့ သရုပ်ဆောင်အပြောင်းအလဲတွေကို လုပ်ကိုင်ခဲ့တာပါ။

အစပိုင်းတုန်း Wild Bloom ဇာတ်လမ်းတွဲဟာ Yibo နဲ့ Liying တို့ရဲ့ ဒုတိယအကြိမ်မြောက် တွဲဖက်ရိုက်ကူးဖို့ သေချာသလောက်ဖြစ်နေခဲ့ပေမဲ့လည်း ပြည်မကြီးရဲ့ ပရိသတ်အချို့က စတင်ပြီး အပြန်အလှန် ဝေဖန်ခဲ့ကြတာပါ။ ဒီလိုနဲ့ ချိုင်းနားရဲ့ ရေဒီယိုရုပ်သံ ထိန်းချုပ်ကွပ်ကဲရေးဌာနကနေ fan account ပေါင်းများစွာကို ရပ်နားပစ်လိုက်ပြီး မင်းသမီး Zhao Liying ရဲ့ တရားဝင် fanclub ကိုပါ ရပ်ဆိုင်းပစ်ခဲ့ပါတယ်။

ဒီလိုမျိုး အကြီးအကျယ်ဖြစ်သွားခဲ့ပြီးနောက် မင်းသား Wang Yibo က ဇာတ်လမ်းမှာ ပါဝင်လာခြင်းမရှိတော့ဘဲ အဓိကဇာတ်လိုက်မင်းသားနေရာမှာ မင်းသား Ou Hao က ပါဝင်ရိုက်ကူးမယ့်အကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ Liying နဲ့ Out Hao တို့က မကြာခင်မှာပဲ Wild Bloom ကို တွဲဖက်ရိုက်ကူးကြတော့မှာပါ။

ဒါ့အပြင် မင်းသား Wang Yibo ကိုလည်း အဖက်ဖက်ကနေ မလိုသူတွေက တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ အောက်တိုဘာ လလယ်လောက်ကပဲ Yibo ဟာ လိမ်လည်မှုကြောင့် တရားစွဲခံရသေးတယ်ဆိုပြီး မဟုတ်မမှန်သတင်းတွေ ထွက်ရှိလာခဲ့ပါသေးတယ်။

ဒီကောလဟာလတွေကို Yibo ရဲ့ အဖွဲ့က အမြန်ဆုံး ချက်ချင်း စုံစမ်းစစ်ဆေးခဲ့ကြပြီး အဆိုပါ အမှုရင်ဆိုင်နေရတဲ့သူဟာ နာမည်တူနေတဲ့သူဖြစ်ပြီး Yibo မဟုတ်ကြောင်းအသေအချာရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။ အင်တာနက်သုံးသူတွေကိုလည်း အချက်အလက်မှန်မှန်နဲ့ နေထိုင်ဖို့၊ မဟုတ်တဲ့ကောလဟာလသတင်းတွေကို သတိလက်လွတ် လျှောက်ပြီးမဖွဖို့ အသိပေးခဲ့ပါသေးတယ်။

Yibo နဲ့ Liying ဟာ သူ့ပုံစံနဲ့သူ နာမည်ကြီးကျော်ကြားတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။ နောက်ထပ် တွဲဖက်ရိုက်ကူးမှုမျိုး မဖြစ်နိုင်တော့ရင်တောင် အပြန်အလှန်လေးစားမှုနဲ့ အားပေးကြရမှာကတော့ ဖြစ်သင့်ပါတယ်။

Source: Sohu
Photos: Weibo
Translated by Julix