Korean Celebrity

Variety Show ​တွေမှာ မပါ​တော့တဲ့အပြင် လက်ခံထားတဲ့ ဇာတ်ကား ၃ ခုပါ ရိုက်ဖြစ်ဖို့ မ​သေချာ​တော့တဲ့ Kim Seon Ho

KBS2 ရုပ်သံလိုင်းက မင်းသား Kim Seon Ho ဟာ ‘2 Days & 1 Night’ အစီအစဉ်ရဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ်က​နေ နုတ်ထွက်​တော့မှာဖြစ်တယ်လို့ ​အောက်တိုဘာလ ၂၀ ရက်​နေ့မှာ တရားဝင် ​ပြောကြားလိုက်ပါတယ်။ ‘2 Days & 1 Night’ အစီအစဉ်ရဲ့ ထုတ်လုပ်​ရေးအဖွဲ့က “မင်္ဂလာပါ ‘2 Days & 1 Night’ season 4 က ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

မင်းသား Kim Seon Ho ရဲ့ လတ်တ​လော ဖြစ်​ပေါ်​နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ့ကို အစီအစဉ်က​နေ ထွက်ခွာ​စေဖို့ ထုတ်လုပ်​ရေးအဖွဲ့က ဆုံးဖြတ်ချက်ချပြီးပါပြီ။ ကြည့်ရှုသူ​တွေ စိတ်အ​​နှောင့်အယှက်ဖြစ်ရတာကို ​လျှော့ချဖို့အတွက် ဒီကိစ္စ​တွေမဖြစ်ပွားခင်က ကြိုတင်ရိုက်ကူးထားတဲ့ အပိုင်း​တွေမှာလည်း သူပါတဲ့အပိုင်း​တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး တည်းဖြတ်သွားပါမယ်။

​​ရှေ့​လျှောက် ​ကောင်းမွန်တဲ့ အစီအစဉ်ကို ဆက်ပြီး ဖန်တီးနိုင်​အောင်လို့ ‘2 Days & 1 Night’ အဖွဲ့သား​တွေက အ​ကောင်းဆုံး ကြိုးစားသွားပါမယ်။​ ​ကျေးဇူးတင်ပါတယ်” လို့ ​ရေးသားထားတဲ့ စာတစ်​စောင်ကို ထုတ်ပြန်ခဲ့တာပါ။

အမျိုးမျိုး​သော သတင်းမီဒီယာ​တွေရဲ့ ​ပြောကြားချက်အရဆိုရင်​တော့ ‘2 Days & 1 Night’ ရဲ့ အမြဲတမ်းအဖွဲ့ဝင်​တွေကို Kim Seon Ho တစ်ယောက် အစီအစဉ်က​နေ နုတ်ထွက်မှာဖြစ်​ကြောင်း ဒီ​က​နေ့ အ​စောပိုင်းမှာ ကြိုတင်အသိ​ပေးထားတယ်လို့ သိရပါတယ်။  တချို့​သော netizen တွေဟာ ထိုအစီအစဉ်က​နေ Kim Seon Ho နုတ်ထွက်​စေဖို့ ​အောက်တိုဘာလ ၁၉ ရက်​နေ့တည်းက ‘2 Days & 1 Night’ ရဲ့ message board မှာ post ​တွေ​ရေးပြီး ​တောင်းဆို​​နေခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် Kim Seon Ho ဟာ ယခင်က ရုပ်ရှင်ကားကြီး ၃ ကားအတွက် ကမ်းလှမ်းခံထားရပြီး “Sad Tropics” ဇာတ်ကားကို နိုဝင်ဘာလ၊ “Dog Days” ဇာတ်ကားကို ဒီဇင်ဘာလနဲ့ “2pm Date” ဇာတ်ကားကို မတ်လမှာ ရိုက်ကူးရမှာဖြစ်ပါတယ်။  သို့​သော်လည်း အခုလို ကိစ္စ​တွေဖြစ်​ပေါ်လာတဲ့အတွက် ဇာတ်ကားရိုက်ကူးဖို့က မ​သေချာ​တော့ပါဘူး။

Star News သတင်းဌာနက​တော့ Kim Seon Ho ဟာ ​ထုတ်လုပ်ရေးအဖွဲ့​တွေနဲ့ နောက်ဆုံးအဆင့် ​ဆွေး​နွေးမှု​တွေကို လုပ်​ဆောင်​နေဆဲဖြစ်လို့ ဇာတ်ကား ၃ ကားလုံးအတွက် တရားဝင်စာချုပ်မချုပ်ရ​သေးဘူးလို့ ​ဆိုပါတယ်။ လက်ရှိမှာ​တော့ ဇာတ်ကား ၃ ကားလုံးရဲ့ ထုတ်လုပ်​ရေးအဖွဲ့​​တွေဟာ Kim Seon Ho နဲ့ပဲရိုက်မလား တခြားမင်းသားနဲ့ အစားထိုးမလားဆိုတာကို အ​ရေး​ပေါ်အစည်းအ​ဝေးလုပ်ပြီး တိုင်ပင်​နေကြပြီဖြစ်ပါတယ်။

“Sad Tropics” ဇာတ်ကားနဲ့ “Dog Days” ဇာတ်ကား​တွေက​တော့ တခြားသရုပ်​ဆောင်​တွေရဲ့ schedule ကလည်း ရှိ​သေးတာမို့ ရိုက်ကူး​ရေးကို ​ရွှေ့ဆိုင်းလို့မရတာ​ကြောင့် မြန်မြန်ဆုံးဖြတ်ချက်ချမှ အဆင်​ပြေမှာပါ၎ “Sad Tropics” ဇာတ်ကားဆိုရင် ​နောက်လထဲမှာ ရိုက်ကူးဖို့ စီစဉ်ထားတာ​ကြောင့် တခြားမင်းသားတစ်ဦးကို လိုက်ရှာပြီး အစားထိုးဖို့ အချိန်လည်း မရှိ​တော့တဲ့ အ​ခြေအ​နေကို ​ရောက်ရှိ​နေပါပြီ။

“2pm Date” ဇာတ်ကားရဲ့ ထုတ်လုပ်​ရေးအဖွဲ့က​တော့ အချိန်ရှိ​သေးတဲ့အတွက် သူတို့ဇာတ်ကားမှာ Kim Seon Ho ကို တခြားမင်းသားနဲ့ အစားထိုးဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီလို့ တရားဝင်​ကြေငြာလိုက်ပါပြီ။ ကျန်တဲ့ ၂ ကားက​နေလည်း အပယ်ခံရဖို့ အ​ခြေအ​နေရှိ​နေပါတယ်။ ထုတ်လုပ်​ရေးအဖွဲ့​တွေ ဘယ်လိုဆုံးဖြတ်မလဲ၊ မင်းသား Kim Seon Ho ရဲ့ အနုပညာခရီးက ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို​တော့ ​စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Source : Koreaboo, Allkpop
Photo : Instagram
Written : ZL