Celebrity News

China-US TV Festival မှာ Outstanding Young Actress ဆုကို ရရှိခဲ့တဲ့ မင်းသမီးချော Dilireba

China-US TV Festival နဲ့ China-US Film Festival ကို Eagle Dragon Media Co., Ltd. မှ ဦးစီးကျင်းပပြီး ချိုင်းနားရဲ့ စာနယ်ဇင်း၊ ထုတ်ဝေမှု၊ ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား နိုင်ငံတော်အဆင့် အုပ်ချုပ်ရေး၊ အမေရိကန် ပြည်ထောင်စုရှိ ချိုင်းနားသံရုံး၊ လော့စ်အိန်ဂျလိစ်ရှိ ချိုင်းနားကောင်စစ်ဝန်ရုံးနဲ့ ဆန်ဖရန်စစ္စကိုရှိ ချိုင်းနားကောင်စစ်ဝန်ရုံးတို့က ဝိုင်းဝန်းကူညီ ပံ့ပိုးကြတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ချိုင်းနားရဲ့ အထင်ကရ ရုပ်ရှင်ကုမ္ပဏီများ၊ ဟောလိဝုဒ် အေဂျင်စီများ၊ အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းများ၊ ချိုင်းနားနဲ့ အမေရိကန်ရှိ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား နယ်ပယ်များမှ နာမည်ကြီးများ ပါဝင်ကြပြီး ချိုင်းနားနဲ့ အမေရိကန်ကြား နှစ်စဉ်ကျင်းပပြုလုပ်တဲ့ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။

အစပိုင်းမှာတော့ China-US Film Festival အဖြစ်သာ ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာ (၂၀၁၃) ခုနှစ်က ကျင်းပတဲ့ (၉) ကြိမ်မြောက် China-US Film Festival ကနေ စတင်ပြီး ပွဲကျင်းပရေး ကော်မတီဟာ ချိုင်းနားရဲ့ ထူးချွန် တီဗီဒရမ်မာဆုများ အတွက် “Golden Angel Award” ကို ထည့်သွင်းခဲ့ပြီး ချိုင်းနား-အမေရိကန် တီဗီ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖလှယ်ရေးအတွက် ပလက်ဖောင်းအသစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

(၂၀၂၁) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှာ Dilireba ရဲ့ စတူဒီယို Weibo နဲ့ တီဗီစီးရီး “Long Ballad” ရဲ့ Weibo တို့ကနေ သတင်းကောင်းကို ကြေညာခဲ့ပါတယ်။ ကြေညာချက်မှာ “Long Ballad” ဇာတ်လမ်းတွဲဟာ (၂၀၂၁) ခုနှစ် China-US TV Festival” မှာ “Golden Angel Award TV Series” ဆုကို ရရှိခဲ့ပြီး ဇာတ်ဆောင် မင်းသမီးချော Dilireba ကလည်း “တစ်နှစ်တာအထူးချွန်ဆုံးလူငယ်သရုပ်ဆောင်ဆု (Outstanding Young Actress)” ဆုကို ရရှိခဲ့တဲ့ အကြောင်းကို ဖော်ပြထားပါတယ်။

Dilireba ကလည်း မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုနဲ့အတူ Long Ballad ရဲ့ ဒါရိုက်တာနဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း၊ “Li Changge” ဆိုတဲ့ ဇာတ်ကောင်ဟာ သူ့ရဲ့ အနည်းငယ်သော ရှင်သန်ရင့်ကျက်မှုတွေကို ပြသနိုင်ခဲ့ကြောင်းနဲ့ အားပေးမှုတွေအတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းတို့ကို ပြောကြားခဲ့ပါတယ်။ Dilireba ကိုယ်တိုင်ရော ကုမ္ပဏီနဲ့ ပရိသတ်များပါ အလွန်ပျော်ရွှင်နေကြပြီး ဒီသတင်းဟာ Weibo ရဲ့ Hot Search အထိ ရောက်ရှိခဲ့ပါတယ်။

“Long Ballad” ဇာတ်လမ်းတွဲဟာ (၂၀၂၁) ခုနှစ်၊ (၁၆) ကြိမ်မြောက် Seoul International TV Festival မှာလည်း “Outstanding TV Series” ဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ပြီး Dilireba ကလည်း “Best Actress” ဆုအတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ပါသေးတယ်။ တကယ်ကို အရည်အချင်း ပြည့်စုံတဲ့ သရုပ်ဆောင်များနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲတစ်ခုရဲ့ ပုံရိပ်ကို ယူဆောင်လာ ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Anhui