Korean Celebrity

အမိုက်စား အက်ရှင်စွမ်းရည်​တွေနဲ့အတူ ရုပ်ရှင်ပိတ်ကားထက်​မှာ ပြန်လည်မြင်​တွေ့ရ​တော့မယ့် Hyun Bin

​တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်​ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hive Media Corp မှ ​ပြော​ရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက မင်းသား Hyun Bin ဟာ ‘Harbin’ ဆိုတဲ့ အက်ရှင်ဇာတ်ကားသစ်မှာ ပါဝင်သွားမှာဖြစ်​ကြောင်း ထုတ်​ဖော်​ပြောကြားလိုက်ပါတယ်။ ထိုသူက “Hyun Bin ဟာ စိတ်ဝင်စားစရာ​ကောင်းပြီး အရည်အ​​သွေးရှိတဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ Woo Min Ho အ​ပေါ် ယုံကြည်မှုတို့​ကြောင့် ‘Harbin’ ရုပ်ရှင်ကားမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး​​တော့လည်း ရှင်းပြခဲ့ပါ​သေးတယ်။

ဒါရိုက်တာ Woo Min Ho ဟာ “Inside Men,” “The Drug King,” “The Man Standing Next” တို့လို ​​နာမည်ကြီး အက်ရှင်ဇာတ်ကား​တွေ​နဲ့ ​တောင်ကိုရီးယားရုပ်ရှင်သမိုင်းကို ကိုင်လှုပ်ခဲ့တဲ့ အ​ထင်ကရ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာလက်ရာသစ်ဖြစ်လာမယ့် “Harbin” က​တော့ တရုတ်နိုင်ငံ​မြောက်ဘက်စွန်းက Heilongjiang ပြည်နယ်မှာရှိတဲ့ Harbin မြို့မှာ ဇာတ်အိမ်တည်ထားပြီး ၁၉၀၀ ခုနှစ်အ​စောပိုင်းကာလကို ​ဖော်ကျူးသွားမယ့် စပိုင်အက်ရှင်ဇာတ်လမ်းဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းပြည်ကို ပြန်လည်ရယူဖို့ အသက်ကိုရင်းခဲ့ကြတဲ့ ကိုရီးယားလွတ်လပ်​ရေးလှုပ်ရှားသူ​တွေရဲ့အ​ကြောင်းကို ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် Hyun Bin ဟာ အက်ရှင်ဇာတ်ဝင်ခန်း​တွေ​ရော၊ စိတ်ထိခိုက်​စေမယ့် ဇာတ်ဝင်ခန်း​တွေကို​ရော သရုပ်​ဆောင်သွားမှာဖြစ်ပါတယ်။

သူဟာ အမိ​မြေကို တိုင်းတစ်ပါးသား​တွေ လက်ထဲ လုယူခံလိုက်ရချိန်မှာ ​ရှင်သန်​နေရတဲ့ မျိုးဆက်ဖြစ်တာ​ကြောင့် အထီးကျန်မှု၊ စိုးရိမ်ပူပန်မှု​စတဲ့ ရှုပ်​ထွေးတဲ့ ခံစားချက်​တွေကို ​ဖော်ပြရမှာဖြစ်သလို လွတ်လပ်​ရေးတိုက်ပွဲအလယ်မှာ အသက်ရင်း​နေရတဲ့ လူ​တွေအတွက် တာဝန်သိစိတ်​ရှိတဲ့ အမျိုးသားတစ်ဦးအဖြစ် ပီပြင်​အောင် သရုပ်​ဖော်ရမှာပဲဖြစ်ပါတယ်။

“Harbin” ဇာတ်ကားကို “Inside Men,” “The Man Standing Next” နဲ့ “Deliver Us From Evil” ဇာတ်ကား​တွေကို ထုတ်လုပ်ခဲ့တဲ့ Hive Media Corp က ထုတ်လုပ်သွားမှာဖြစ်ပြီး “Deliver Us From Evil,” “Parasite” နဲ့ “Snowpiercer” ဇာတ်ကား​တွေကို ရိုက်ကူးရာမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီး ကင်မရာဒါရိုက်တာ Hong Kyung Po ကလည်း ယခုရိုက်ကူး​ရေးမှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ၂၀၂၂ ခုနှစ်ထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : hyunbin_actor (Instagram)
Written : ZL