Korean Celebrity

ချစ်ရသူရဲ့ ရင်သွေးလေးကိုလွယ်ထားရပြီဖြစ်ကြောင်း မင်္ဂလာသတင်းပါးခဲ့တဲ့ Park Shin Hye

မင်းသမီး Park Shin Hye နဲ့ မင်းသား Choi Tae Joon တို့က ၂၀၁၇ ခုနှစ်တုန်းကတည်း တွဲနေပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြသထားတာပါ။ ဒီကြားထဲမှာ တွဲလက်တွေခိုင်မြဲစွာနဲ့ ချစ်ခင်နေကြတာကြောင့် လက်ထပ်တော့မယ့်သတင်းတွေလည်း ကြားခဲ့ရပါတယ်။ နိုဝင်ဘာလ (၂၃) ရက်နေ့မှာတော့ မင်းသမီးချောဟာ ပရိသတ်တွေအတွက် မင်္ဂလာသတင်း (၂) ခုကို အသိပေးခဲ့ပြီဖြစ်ပါတယ်။

November 23 ရက်နေ့ မနက်အစောပိုင်းမှာပဲ မင်းသမီး Park Shin Hye ဟာ သူမရဲ့ တရားဝင် fan cafe မှာ ကြေညာပေးခဲ့ပါတယ်။ “Hello, Park Shin Hye ပါ။ ခုတလော ရာသီဥတုက အေးလာပြီနော်။ အားလုံးလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်နေကြတယ်မလား? ကျွန်မလည်း အိမ်ရှင်းရင်းနဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) က ပထမဆုံးလက်တွဲခဲ့တဲ့ အေဂျင်စီနဲ့ စာချုပ်ကို ရှာတွေ့ခဲ့တယ်။

အဲ့တုန်းက ကျွန်မဟာ အလယ်တန်း ဒုတိယနှစ် (၆) တန်းကျောင်းသူပဲ ရှိသေးတယ်။ အဲ့ကတည်းက သရုပ်ဆောင်အလုပ်ကို စလုပ်ခဲ့တာပေါ့နော်။ အခုတော့ အနုပညာလောကထဲမှာ ကျင်လည်ခဲ့တဲ့ ၁၈ နှစ်တောင် ကျော်ခဲ့ပြီ။ အချိန်ကုန်တာ မြန်လိုက်တာနော်။ ငယ်ရွယ်စဉ်ကာလတလျှောက်လုံး လူအများကြီးက ကျွန်မဘေးမှာ အမြဲရှိနေပေးခဲ့တယ်။

ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ သရုပ်‌ဆောင်ရင်း ကျွန်မရဲ့ ဘက်ပေါင်းစုံကို ပြသခွင့်ရခဲ့ပါတယ်။ ကင်မရာရှေ့ကိုရောက်ရင် ပျော်ရွှင်ရတဲ့အချိန်တွေဟာ မရေတွက်နိုင်အောင် များလှပါတယ်။ တခါတလေလည်း ရုန်းကန်ရတဲ့အချိန်တွေရှိဖူးတာပေါ့။ ဒါပေမဲ့ ပရိသတ်တွေကြောင့်ပဲ အားရှိပြီး ရှေ့ဆက်ဖို့သတ္တိတွေရှိလာခဲ့ပါတယ်။

ပရိသတ်တွေရဲ့ စကားလုံး ၁ လုံး၊ ၂ လုံးလေးကတောင် ကျွန်မကို သန်မာစေတယ်။ တဖန်ပြန်လည်ဝင့်ကြွားစေနိုင်ပါတယ်။ ဒါကြောင့်မလို့လည်း အခုအသိပေးမယ့်သတင်းကြောင့် ရင်တွေတုန်နေမိတယ်။ အားလုံး လန့်သွားကြမှာလည်း ကြောက်မိတယ်။ ဘာပဲဖြစ်ဖြစ် ဒီသတင်းကို အရင်ဆုံးကြားရတာ ပရိသတ်တွေပဲ ဖြစ်စေချင်လို့ ဦးစွာပြောပြပါတော့မယ်။

ကျွန်မဟာ လက်ရှိတွဲနေတဲ့ချစ်သူနဲ့ လက်ထပ်ပါတော့မယ်။ သူကတော့ ကျွန်မအတွက် အားဆေးလေးပါပဲ။ Park Shin Hye ရဲ့ လိုအပ်နေသမျှအရာတွေကို ဖြည့်တွေးပြီး မလွတ်တမ်း ဆုပ်ကိုင်ပေးခဲ့တဲ့ ချစ်ရသူဖြစ်တာကြောင့် သူ့ကိုလက်ထပ်ပြီး ဘဝကြီးကို အတူတူရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပိုကောင်းတဲ့ နောက်ထပ်မင်္ဂလာသတင်းကိုပြောရရင်တော့ မင်္ဂလာဆောင်ဖို့ပြင်ဆင်နေတုန်းမှာပဲ အဖိုးမဖြတ်နိုင်တဲ့ အသက်လေးတစ်ခုက ကျွန်မဆီကို ရောက်လာခဲ့ပါတယ်။ (ကိုယ်ဝန်ရှိနေပါပြီ)။ ဒီသတင်းကိုလည်း အစောကြီးကတည်းက ပြောပြချင်ခဲ့တာပါ။ မိသားစုဘဝကိုတည်ဆောက်ရင်း ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။

နောက်ဆုံးအနေနဲ့ လိုအပ်ချက်တွေရှိနေတာတောင် အမြဲအားပေးချစ်ခင်ပေးခဲ့တဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ အချိန်တစ်ခုတော့ကြာမယ်ဆိုပေမဲ့ ပရိသတ်တို့ အကြာကြီးစောင့်မနေရအောင် မင်းသမီးတစ်ယောက်အဖြစ် အမြန်ဆုံး ပြန်လာနိုင်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်။

အဲ့အချိန်အထိ ကျန်းမာရေးကောင်းအောင်နေကြပါနော်။ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။ ရုတ်တရက်ဆန်လွန်းတာကြောင့် အံ့ဩသွားကြရပေမဲ့ မင်္ဂလာသတင်းဖြစ်တာကြောင့်ပဲ Park Shin Hye နဲ့ Choi Tae Joon တို့စုံတွဲအတွက် ဂုဏ်ပြုပေးနေကြပါတယ်။

Salt Entertainment ဖက်ကတော့ မင်္ဂလာဆောင်ကို ၂၀၂၂ January 22 မှာ သီးသန့်ပဲ ပြုလုပ်သွားမယ့်အကြောင်း ထုတ်ပြန်ထားတာဖြစ်လို့ အဝေးကနေပဲ ပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းလိုက်ပါတယ်နော်။

Source: OSEN
Photos: OSEN
Translated by Ivy