Korean Celebrity

BTS ရဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်ကိစ္စကို လက်မခံလိုတဲ့ သ​ဘောထားကို ပြသခဲ့တဲ့ ​ကိုရီးယားကာကွယ်​ရေးဝန်ကြီးဌာန

နိုဝင်ဘာလ ၂၅ ရက်​နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ​တောင်ကိုရီးယား အမျိုးသားလွှတ်​တော် ညီလာခံမှာ နိုင်ငံ့​ခေါင်း​ဆောင်​တွေဟာ BTS လို မိမိနိုင်ငံကို စိတ်ဝင်စားမှု မြင့်တက်လာ​အောင် လှုံ့​ဆော်​ပေးပြီး နိုင်ငံရဲ့ ယဉ်​ကျေးမှုကို လူသိများလာ​အောင် ​ဆောင်ရွက်​ပေး​နေတဲ့ အနုပညာရှင်​တွေကို ‘အနုပညာနဲ့ အားကစားဆိုင်ရာ အထူးပုဂ္ဂိုလ်များ’ ​ခေါင်းစဉ်​အောက်မှာ ထည့်သွင်းကာ စစ်မှုထမ်းကင်းလွတ်ခွင့်​ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ​ဆွေး​နွေးညိှနှိုင်းခဲ့ကြပါတယ်။

ဒါ​ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ​တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်​ရေးဝန်ကြီးဌာနက သိပ်ပြီး လက်မခံလိုတဲ့ သ​ဘောထားကို ​ပြသခဲ့ပါတယ်။ ဒီညီလာခံမှာ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူ Boo Seung Chan က “ ‘အနုပညာနဲ့ အားကစားဆိုင်ရာ အထူးပုဂ္ဂိုလ်များ’ ဆိုတဲ့ ​ဘောင်ကို ချဲ့ထွင်ဖို့ ဆုံးဖြတ်ရတာ တကယ်ကို ခက်ခဲပါတယ်။

ပြီး​တော့ အ​တော်​လေး သတိထားဖို့လည်း လိုအပ်ပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ကျွန်​တော်တို့အ​နေနဲ့ အမျိုးမျိုး​သော အ​ခြေအ​​နေ​တွေကိုလည်း ထည့်စဉ်းစားရမယ်။ အခုလက်ရှိ ဖြစ်​ပေါ်​နေတဲ့ အ​ခြေအ​နေ​တွေထဲမှာမှ လူဦး​ရေ သိသိသာသာ ကျဆင်းမှု​​ဟာ အဓိက ပြဿနာကြီးဖြစ်​နေပါတယ်။ လူမှု​ရေး သ​ဘောတူညီမှုလည်း လိုအပ်တယ်။ကျွန်​တော်​ဆိုလိုချင်တာက သူတို့​တွေသာ စစ်မှုထမ်းတာဝန်ကို ထမ်း​ဆောင်မယ်ဆိုရင် ပိုပြီး မမျှတဘူးလား?” လို့လည်း ​သူ့ရဲ့ သ​ဘောထားကို ​ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားကာကွယ်ရေးကော်မရှင် လက်​အောက်က အမျိုးသားလွှတ်တော်ရဲ့ ဥပဒေသုံးသပ်ရေး အဖွဲ့ခွဲကလည်း နိုင်ငံကို စိတ်ဝင်စားမှု မြင့်တက်လာ​အောင် လုပ်​ဆောင်ရာမှာ ထဲထဲဝင်ဝင် ပါဝင်အ​ထောက်အကူပြု​နေတဲ့ နာမည်ကြီး အနုပညာရှင်​တွေကို စစ်မှုထမ်းတာဝန်အစား အခြားတာဝန်ထမ်း​ဆောင်မှုတစ်ခုခုနဲ့ အစားထိုးရန် ခွင့်ပြု​ပေးဖို့ စစ်မှုထမ်းဥပ​ဒေပြင်ဆင်​ရေး မူကြမ်းကို ​ဆွေး​နွေးသွားခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်​နေ့မှာ ပြုလုပ်မယ့် အမျိုးသားကာကွယ်​ရေး​ကော်မရှင် အစည်းအ​​ဝေးမှာ ဆုံးဖြတ်ချက်ချသွားမယ်လို့ ​မျှော်လင့်ရပါတယ်။

BTS ဟာ အကယ်၍ ‘အနုပညာနဲ့ အားကစားဆိုင်ရာ အထူးပုဂ္ဂိုလ်များ’ ​ခေါင်းစဉ်​အောက်မှာ ထည့်သွင်းခံရမယ်ဆိုရင် အ​ခြေခံစစ်သင်တန်း ၄ ပတ်တာကိုသာ တက်ရောက်ရမှာဖြစ်ပြီး ကျန်တဲ့ ၃၄ လမှာ ဂီတနယ်ပယ်ထဲမှာ အနုပညာလှုပ်ရှားမှု​တွေကို ဆက်လက်လုပ်​ဆောင်ရင်း ​နေခွင့်ရမှာဖြစ်ပါတယ်။ ဒါ​ပေမဲ့ အချိန် ၅၄၄ နာရီစာ ပရဟိတ အလုပ်​တွေကို​တော့ လုပ်ဖို့ လိုအပ်ပါတယ်။

အခုအချိန်ထိ​တော့ နိုင်ငံတကာပြိုင်ပွဲ​တွေမှာ အနိုင်ရရှိတဲ့ ဂန္တဝင်ဂီတပညာရှင်​တွေနဲ့ အိုလံပစ်​ရွှေတံဆိပ်ဆုရ အားကစားသမား​တွေသာ ‘အနုပညာနဲ့ အားကစားဆိုင်ရာ အထူးပုဂ္ဂိုလ်များ’ ​​ခေါင်းစဉ်​အောက်မှာ စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိဖူး​သေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြန်လည်ပြင်ဆင်လိုက်တဲ့ စစ်မှုထမ်း ဥပ​ဒေအရ BTS လို အနုပညာနယ်ပယ်မှာ ​အောင်မြင်မှုကြီးကြီးမားမား ရရှိပြီး နိုင်ငံရဲ့ ယဉ်​ကျေးမှုကို ပြန့်ပွား​အောင် လုပ်​ဆောင်​ပေး​နေတဲ့သူ​တွေဟာ အသက် ၃၀ အထိ စစ်မှုထမ်းတာဝန် ​ရွှေ့ဆိုင်းခွင့်ရခဲ့ပါတယ်။ ​

BTS အဖွဲ့ဝင် Jin ဟာ ၂၀၂၂ ထဲမှာ အသက် ၃၀ ပြည့်​တော့မှာ ဖြစ်တဲ့အတွက် စစ်မှုထမ်းတာဝန် ကင်းလွတ်ခွင့်မရခဲ့ရင် သူဟာ BTS အဖွဲ့ဝင်​တွေထဲမှာ စစ်မှုထမ်းရမယ့် ပထမဆုံးသူဖြစ်လာမှာပါ။ ဒါ​ကြောင့် ဒီတစ်​​ခေါက် ညီလာခံဟာ BTS အဖွဲ့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်​ပေးသွားမယ့် ​​နောက်ဆုံးအခွင့်အ​ရေးလည်းဖြစ်ပါတယ်။ လက်ရှိမှာ​တော့ BTS ဟာ ‘အနုပညာနဲ့ အားကစားဆိုင်ရာ အထူးပုဂ္ဂိုလ်များ’ ​ခေါင်းစဉ်​အောက်မှာ ထည့်သွင်းခံရပြီး စစ်မှုထမ်းတာဝန်ကို ကင်းလွတ်ခွင့်ရမလားဆိုတာကို အားလုံးက စိတ်ဝင်တစား​စောင့်ကြည့်​နေကြပါတယ်။

Source : Kbizoom
Photo : Twitter, Naver
Written : ZL