Thai Celebrity

ချစ်ရသူ Ken အတွက် ဘဝကြီးကိုပုံအပ်ဖို့ အသင့်ဖြစ်နေကြောင်း ပွင့်လင်းစွာဖွင့်ပြောခဲ့တဲ့ Esther

လတ်တလော ထိုင်းဇာတ်လမ်းချစ်ပရိသတ်ကြားမှာ နာမည်ကြီးနေသူလေး Esther ကတော့ ၇ နှစ်နီးပါး တွဲနေတဲ့ချစ်သူရှိပါတယ်နော်။ မင်းသားချော Ken Phupoom နဲ့အတူ တည်ငြိမ်အေးဆေးတဲ့အချစ်တစ်ခုကိုတည်ဆောက်ထားတာဖြစ်လို့ မင်္ဂလာသတင်းကြားရတော့မလားဆိုပြီး နားစွင့်နေကြပါတယ်။

မကြာသေးခင်က Esther ဟာ “Wimarn Sai” ဇာတ်လမ်းအတွက် အကြိုအနေနဲ့ အစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။ အဆိုပါအစီအစဉ်မှာပဲ သူမရဲ့အချစ်ရေးအကြောင်းကို ပွင့်လင်းစွာပြောခဲ့ပြီး ချစ်သူနဲ့လည်း လက်ထပ်ချင်နေပြီဖြစ်ကြောင်း ပြောခဲ့တာပါ။ Esther ပြောပြခဲ့တဲ့ အချစ်ရေးအပြည့်အစုံလေးကတော့ အခုလိုလေးပါပဲ။ “Ken နဲ့က အချိန်အကြာကြီး တွဲ‌လာခဲ့ကြတာ ၆ နှစ်ကျော် – ၇ နှစ်ရှိတော့မယ်ဆိုတော့ ကျွန်မအတွက် မိသားစုဝင်လိုတောင် ဖြစ်နေပါပြီ။

ဘယ်အရာမဆို တိုင်တိုင်ပင်ပင်နဲ့ အတူတူလုပ်ကြပါတယ်။ ဒီကြားထဲ စုံတွဲတွေသဘာဝ ဘာမဟုတ်‌တာလေးတွေနဲ့ စကားများတာမျိုးတော့ ရှိတာပေါ့ (ရီလျက်)။ အဲ့လိုဖြစ်ရင် နှစ်ယောက်သား တွေ့ပြီး ဖြစ်ရတဲ့ကိစ္စကို ‌သေချာဆွေးနွေးတယ်။ Ken ကတော့ ပွစိပွစိပေါ့။ မျက်နှာချင်းဆိုင်တွေ့ပြီး ‌စကားပြောကြတယ်။

နားလည်မှုလွဲတာကြောင့် ဖြစ်တာလေးတွေဆိုတော့‌ စကားပြောကြရင်းနဲ့ ပြန်အဆင်ပြေသွားရော။ အချင်းချင်းမတူတာတွေရှိသေးတာကြောင့် ညှိရတာ‌တွေလည်း ရှိပါတယ်။ ၁၀၀% လုံးလုံး ထပ်တူကျနေတာမျိုးမဟုတ်တော့ အတူတူရှိတဲ့အချိန်ဆိုရင် အပြန်အလှန်လေ့လာဖြစ်ကြတယ်။ တစ်နှစ်ပြီးတစ်နှစ် ရင့်ကျက်ကြီးပြင်းလာကြရင်း ပြောင်းလဲပြင်ဆင်ကြတယ်။ အမှန်တိုင်းပြောရရင် Ken နဲ့ တကယ်ကို လက်ထပ်ချင်နေပါပြီ။

ဒါပေမဲ့လည်း အဖက်ဖက်ကပြည့်စုံအောင် အရင်ပြင်ဆင်နေရပါတယ်။ Ken ကတော့ လက်ထပ်ဖို့ သိပ်မပြောဖြစ်ပါဘူး။ ပြောဖြစ်ရင်လည်း ကျွန်မတို့မှာ တူညီတဲ့ရည်မှန်းချက်တွေရှိတယ်လို့ ခံစားရပါတယ်။ ကျွန်မကတော့ ဒီလူသားလေးနဲ့ပဲ ကျန်ရှိနေတဲ့ဘဝသက်တမ်းကို ဖြတ်သန်းချင်ပါတယ်။ တွဲတာလည်းကြာပြီဆိုတော့ ကျွန်မရဲ့နှလုံးသားလေးက သူမှသူပဲ ဖြစ်နေပါပြီ။

Ken နဲ့ရှိနေတိုင်း ပျော်ရွှင်ရတယ်။ အချိန်ကြာလာနဲ့အမျှ တစ်ယောက်အကြောင်းတစ်‌ယောက် ပိုသိလာတာမို့လို့ ဘဝကြီးကို ပုံအပ်ဖို့အသင့်ဖြစ်နေပါတယ်။ Ken က ready ဖြစ်ရင် ကျွန်မလည်း ready ပါပဲ” ဆိုပြီး ပြုံးပြုံးလေးနဲ့ ပြောပြခဲ့ပါတော့တယ်။ Ken နဲ့ Esther တို့အတွဲလေးက တကယ်ကို လိုက်ဖက်တဲ့အတွဲလေးပါပဲ။ တိုင်ပင်ညှိနှိုင်းရင်းနဲ့ အကြောင်းသိနေကြပြီဖြစ်လို့ Esther လေးကတော့ ဘဝကို အတူတူလျှောက်လှမ်ချင်နေပုံပါပဲ။ သတင်းကောင်းလေးကြားရဖို့ မျှော်လင့်နေပါပြီနော်။

Source: Thaidaily
Photos: Instagram
Translated by Ivy