Celebrity News

ဇာတ်လမ်းအကြောင်းပြောရင်း Ha Joon ကိုပဲ တဖွဖွချီးကျူးလို့ မဆုံးနိုင်အောင်ဖြစ်နေတဲ့ Dong Wook

Lee Dong Wook ကတော့ ယနေ့အချိန်ထိတိုင်အောင် အားပေးတဲ့ပရိသတ်တွေ သိမ်းကျုံးရယူနေတဲ့ မင်းသားချောပါပဲ။ မကြာခင်မှာထွက်လာတော့မယ့် “Bad and Crazy” ကလည်းပဲ အခုကတည်းက နာမည်ကြီးနေပြီး Lee Dong Wook ကိုယ်တိုင်ကလည်း “ယနေ့အချိန်အထိ ပရိသတ်တွေ တခါမှမမြင်ဖူးသေးတဲ့ မင်းသား Lee Dong Wook ကို အသစ်အဆန်းအနေနဲ့ မြင်တွေ့ရမှာပါ” ဆိုပြီး အာမခံထားပါတယ်။

ဒီကားရဲ့ဆွဲဆောင်မှုကတော့ Lee Dong Wook နဲ့အတူ နာမည်ကြီးလာခဲ့တဲ့ Wi Ha Joon တို့ကို တွဲဖက်ထားတဲ့အပြင် Bromance ဇာတ်ဝင်ခန်းတွေပါ ထည့်သွင်းထားတယ်ဆိုတာကြောင့် အများက စိတ်ဝင်စားနေကြပါတယ်။ Lee Dong Wook က မကြာသေးခင်တုန်းကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပဲ Wi Ha Joon နဲ့ ပတ်သက်လို့ ပထမဆုံးထင်မြင်ခဲ့တဲ့အတွေးတွေဟာ တက်တက်စင်အောင်လွဲခဲ့ကြောင်း ဖောက်သည်ချခဲ့ပါတယ်။

“အပြုံးချိုချိုလေးနဲ့ ဆွဲ‌ဆောင်မှုရှိတဲ့ Ha Joon လေးက ကျွန်တော့်ရဲ့ ပထမဆုံးထင်မြင်ချက်နဲ့ လုံးဝကွဲလွဲနေတဲ့ စရိုက်ရှိသူပါပဲ။ Ha Joon ကို ဘယ်လိုထင်တုန်းဆိုတော့.. ဒီကောင်လေးက သီးသန့်တစ်ယောက်တည်း ခပ်တန်းတန်းနေတတ်သူ‌လို့ အစောပိုင်းက ထင်ခဲ့မိတာပေါ့။ ဒါပေမဲ့ တကယ်တမ်းတွေ့ဆုံကြတဲ့အခါ သူက တအားကို ဖော်ရွေရင်းနှီးပြီး စီနီယာတွေ၊ သူ့ရဲ့မိတ်ဆွေတွေကိုတောင်မှ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့သူ ဖြစ်နေရော။ တော်တော်လေး လန်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ ဆွဲဆောင်မှုလိုမျိုး ရှိတယ်လို့ ကျွန်တော်ထင်တယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

Lee Dong Wook ကတော့ အဆုံးမသတ်နိုင်ဘဲ Wi Ha Joon ရဲ့ အလုပ်အပေါ် လေးစားမှုအား ထပ်ပြီး ချီးကျူးပြောဆိုပြန်ပါသေးတယ်။ “Ha Joon က အမြဲတမ်း အစီအစဉ်တကျဖြစ်အောင် ပြင်ဆင်ထားတတ်တယ်။ စေ့စေ့စပ်စပ်ကို ပြင်တာ။ သူ့ကိုမြင်ပြီး ကိုယ့်ဘာသာကိုတောင် တွေးမိသေးတယ်.. ‘ဒီကောင်လေးက ပထမဆုံးရိုက်ကူးရေးမှာတင် “ရူးသွပ်နေတဲ့ K” ပုံစံရအောင် ဘယ်လိုတောင် လုပ်နိုင်ရ‌တာတုန်း?’ ပေါ့။ သူ့အပိုင်းတွေကို အမြဲတမ်း ကြိုးကြိုးစားစားနဲ့ကို ပြင်တာ။ ရိုက်ကူးရေးလုပ်ရင်လည်း အကောင်းဆုံးဖြစ်အောင် အားကြိုးမာန်တက် လုပ်ပြန်ရော။

သူ့ကိုကြည့်ပြီး ကျွန်တော်လည်း အကောင်းဆုံးသရုပ်ဆောင်ဖို့ အားရှိလာပါတယ်။ Ha Joon နဲ့ ကျွန်တော်က အမြင်တွေ ဖလှယ်ကြတယ်။ ရိုက်ကူးရေးလုပ်ရင်လည်း တစ်ယောက်အတွက် တစ်ယောက် တွေးပေးပြီး ညှိနှိုင်းပံ့ပိုးကြပါတယ်” လို့ တဖွဖွကို ချီးကျူးနေခဲ့ပြန်ပါတယ်။ ဇာတ်လမ်းထဲမှာ ဘယ်အခန်းကိုအမျှော်လင့်ဆုံးလဲ? ဆိုပြီးမေးတော့ Lee Dong Wook က “ကျွန်တော်ကတော့ Soo Yeol နဲ့ K တို့ ပထမဆုံး တွေ့ကြတဲ့အခန်းပဲ။

ချွေးထုတ်ခန်းမှာ ရိုက်ရတဲ့အခန်းလေ။ ၂ ယောက်လုံး ချွေးတွေစိုရွဲပြီး ရိုက်ကူးနေတုန်းလည်း တော်တော် ကို ခံစားရခက်တယ်။ Ha Joon က ကျွန်တော့်ထက်တောင် ပိုဆိုးသေးတယ်။  ဒီအခန်းက Ha Joon အတွက် တော်တော်ခက်ခဲခဲ့မှာ.. ဘာလို့လဲဆိုတော့ ဆိုင်ကယ်ဦးထုပ်ကြီးဆောင်းထားတော့ အငွေ့တွေနဲ့ ကောင်းကောင်းမြင်ရမှာ မဟုတ်ဘူး။ ဒါကိုတောင် သူက အက်ရှင်ခန်းတွေရိုက်ကူးသွားတာ ရှယ်ပဲ။

၂ ယောက်စလုံး ဘာမှအထိအခိုက်မရှိဘဲ အဲ့အခန်းကို ရိုက်ကူးနိုင်ခဲ့ပါတယ်” ဆိုပြီး အမှတ်တရအဖြစ်ဆုံး အခန်းကို ရွေးပြောရင်း ကြည့်ချင်စိတ်မထိန်းနိုင်အောင် နှိုးဆွခဲ့ပြန်ပါတယ်။ ဒီဇာတ်လမ်းဟာ အက်ရှင်၊ ဟာသ၊ ရသစုံပါတာကြောင့် ကြည့်ရှုသူတိုင်း စိတ်ကျေနပ်စေဖို့ အာမခံကြောင်း Lee Dong Wook က ပြောထားတာဖြစ်လို့ ဒီဇင်ဘာ (၁၇) ရက်နေ့မှာ စပြီးထွက်လာမယ့် “Bad and Crazy” ကို သေချာပေါက် ကြည့်ကြပါဦးနော်။

Source: Soompi
Photos: Soompi
Translated by Ivy