ဂျပန်က Poster ကို ကူးချသုံးစွဲခဲ့ကြောင်း ဝေဖန်ခံခဲ့ရတဲ့ “Who is the Murderer” (TV Show) ဇာတ်လမ်း

Posted on

ထိပ်တန်းမင်းသမီး Zhao Liying, Dong Zijian နဲ့ Xiao Yang တို့ရဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုဇာတ်လမ်းသစ် Who is the Murderer ဟာ မထွက်ကတည်းက ကြည့်ရှုဖို့အားခဲထားတဲ့ ပရိသတ်တွေ အများကြီးရှိခဲ့ပါတယ်။ အထူးသဖြင့် Liying အတွက် မတူညီတဲ့ဇာတ်ကောင်ရွေးချယ်မှုဖြစ်တာကြောင့် တခါမှမမြင်ဖူးတဲ့ပုံစံကို ကြည့်ရနိုင်ချေရှိတယ်ဆိုပြီး မျှော်လင့်ခဲ့ကြတာပါ။

သို့ပေမဲ့လည်း ဇာတ်လမ်းမထွက်ခင်မှာပဲ မူပိုင်ခွင့်မရှိဘဲ ခိုးချသုံးစွဲခဲ့တယ်ဆိုပြီး ဝေဖန်ချက်တွေ စတင်ရရှိခဲ့တာပါ။ ဒီဇာတ်လမ်းအတွက် နောက်ဆုံးထုတ်ပေးခဲ့တဲ့ ပိုစတာတွေဟာ ဂျပန်နိုင်ငံကရိုက်ကူးပြသခဲ့တဲ့ ဥပဒေဇာတ်လမ်း Legal High နဲ့ သွားတူနေတာကြောင့် ‌ပြောဆိုခံခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံ (၂) နိုင်ငံရဲ့ ပိုစတာတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလင်းအမှောင်ကလွဲလို့ သရုပ်ဆောင်တွေရဲ့ နေရာယူပုံ၊ ဟန်ပန်ကမှအစ တူညီမှုတွေရှိနေကြောင်း သုံးသပ်ခဲ့ကြပါတယ်။ အသေးစိတ်ကြီး‌တူနေတာမျိုးမဟုတ်ဘဲ ဂျပန်ထုတ်လုပ်ရေးဖက်က idea တွေကို ယူသုံးခဲ့တာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြတာပါ။

ဒီဖြစ်ရပ်ကြောင့် အုံကြွလာ‌တဲ့ပရိသတ်ကြီးကို ထိန်းဖို့ Who is the Murderer ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဟာ ချက်ချင်းပဲ “ရည်ရွယ်ချက်ရှိရှိ ကူးချခဲ့တာမျိုး မဟုတ်ဘူး” လို့ ‌တောင်းပန်ရင်း Channel အားလုံးမှာပြန့်နေခဲ့တဲ့ ပိုစတာတွေကို ဖျက်ချခဲ့ပါတော့တယ်။ ပိုစတာကို တာဝန်ယူထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကလည်း “ဇာတ်ကြောင်းကို ခြုံငုံသုံးသပ်ပြီးမှ ပိုစတာကို ထုတ်လုပ်ခဲ့တာပါ။

အဓိကဇာတ်ကောင် (၃) ယောက်ရဲ့ အရှုပ်အထွေးနဲ့ ပတ်သက်မှုတွေကို ဦးတည်ပြီး ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်တွေကို အခြေခံရိုက်ကူးခဲ့တာပါ။ မကောင်းမှုကို မမြင်ရာ၊ မကြားရာ၊ မပြောရာ ဆိုတဲ့ အဆိုအမိန့် (၃) ခုအတိုင်း ပိုစတာတွေကို ဖန်တီးခဲ့တာဖြစ်လို့ ရည်ရွယ်ချက်ရှိရှိ ကူးယူသုံးစွဲခဲ့တာမျိုး မဟုတ်ပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အချောင်ခိုပြီး ခေါင်းရှောင်တာမျိုးမဟုတ်ပါဘူး” လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဇာတ်လမ်းက ပြသနေပြီဖြစ်ပေမဲ့ ပရိသတ်တွေဟာ ဇာတ်လမ်းအကြောင်း အဓိကမထားဘဲ ပိုစတာကူးယူသုံးစွဲမှုကို အာရုံစိုက်ကာ ဝေဖန်ခဲ့ကြပါတယ်။ ဒီကိစ္စဟာ Weibo ရဲ့ Hot Search အထိ ဝင်သွားခဲ့ပြီး ပိုစတာဆင်တူနေမှုအကြောင်း လူပေါင်း ၁၃ သန်းကျော်က ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ Zhao Liying ရဲ့ ဇာတ်ကောင်သစ်စိန်ခေါ်မှုဖြစ်တာကြောင့် အားလုံးအဆင်ပြေချောမွေ့စွာနဲ့ ဇာတ်လမ်းပြသပြီးစီးသွားဖို့ အမာခံပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။

Source: World Journal
Photos: Studio
Translated by Ivy