ဥပဒေဇာတ်လမ်းသစ်မှာ မင်းသမီးချော (၂) ဦးနဲ့ တွဲဖက်ရိုက်ကူးသွားတော့မယ့် Lee Joon Gi

Posted on

ကိုရီးယားနိုင်ငံက ရိုက်ကူးပြသတဲ့ တရားဥပဒေနဲ့ ရှေ့နေဇာတ်လမ်းမျိုးတွေဟာ အချိတ်အဆက်မိပြီး ဟာကွက်မရှိတာကြောင့် ကြည့်ရကျိုးနပ်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ကိစ္စရပ်တခုကို ဉာဏ်သုံးပြီးဖြေရှင်းတဲ့အပြင် အဖြစ်မှန်ပေါ်ပေါက်ဖို့၊ အဓိကတရားခံရှာဖွေဖို့ စသဖြင့် ရင်တထိတ်ထိတ်နဲ့ကြည့်ရတာကို ကြိုက်သူများအတွက် အမိုက်စားသရုပ်ဆောင် (၃) ဦးရဲ့ ပေါင်းစည်းမှု ဇာတ်လမ်းသစ်က‌ ထွက်ရှိလာပါတော့မယ်။

မင်းသမီး Kim Jae Kyung, Kim Ji Eun တို့နဲ့ တွဲဖက်ပြီး သရုပ်ဆောင်သွားမယ့်သူကတော့ သရုပ်ပီပြင်တဲ့မင်းသား Lee Joon Gi ပါပဲ။ “The Devil Judge” နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Kim Jae Kyung ဟာ Lee Joon Gi တို့နဲ့တွဲဖက်ပြီး “Again My Life” (literal translation) ကို ရိုက်ကူးသွားမယ့်အကြောင်း December 10 ရက်နေ့တုန်းကပဲ အတည်ပြုခဲ့ပါတယ်။

“Again My Life” ဇာတ်လမ်းကတော့ တရားဥပေဒနဲ့ဆိုင်တဲ့ ဇာတ်လမ်းမျိုးပါ။ ငယ်ရွယ်တဲ့အမှုစစ်တစ်ဦးဟာ အာဏာရနိုင်ငံရေးသမားတစ်ဦးရဲ့ မသမာမှုတွေကို ဖော်ထုတ်ခဲ့ပေမဲ့ ကျရှုံးခဲ့ပြီး အသက်အန္တရာယ်ပါ ကျရောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒုတိယအကြိမ်အဖြစ်တရားမျှတမှုကိုရရှိဖို့ အခွင့်အရေးရလာတဲ့အခါ… အာဏာရှင်နဲ့ အမှန်တရားရဲ့ ဘက်တော်သားတို့ရဲ့ အားပြိုင်မှုမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာမျိုးကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Webtoon အနေနဲ့ ထွက်ရှိပြီးသားဖြစ်လို့ ဇာတ်လမ်းအဖြစ် အသက်သွင်းတဲ့အခါ အဓိကဇာတ်လိုက်တွေရဲ့ ဖန်တီးနိုင်စွမ်းကို စိတ်ဝင်စားနေကြပါတယ်။ Lee Joon Gi ကတော့ အမှုစစ် Kim Hee Woo အဖြစ် ရိုက်ကူးသွားမှာပါ။ Kim Hee Woo ဟာ အကျင့်ပျက်ခြစားနေတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ မသမာမှုတွေကို အနံ့ရပြီး လိုက်လံစစ်ဆေးဖော်ထုတ်စဉ် မမျှတစွာနဲ့ပဲ အသတ်ခံလိုက်ရပါတယ်။

ထင်မှတ်မထားဘဲ ဘဝကြီးအတွက် ဒုတိယအခွင့်အရေးရရှိလာတဲ့အခါ အမှုမှန်ပေါ်ပေါက်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ မင်းသမီး Kim Ji Eun ကတော့ Cheonha Group ဥက္ကဌရဲ့ တော်ပြီးထက်မြက်တဲ့ အငယ်ဆုံးသမီး Kim Hee Ah အဖြစ် သရုပ်ဆောင်သွားမှာပါ။ အဓိက‌ဇာတ်ကောင် Kim Han Mi အဖြစ် မင်းသမီး Kim Jae Kyung က သရုပ်ဆောင်မှာဖြစ်ပါတယ်။

Kim Han Mi ဟာ လှပပြီး ဉာဏ်ရည်ထက်မြက်တဲ့ သတင်းထောက်တစ်ဦးဖြစ်ပေမဲ့ ဘဝကြီးကို လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ဖြတ်သန်းနေရသူပါ။ လက်ထပ်ခြင်းမရှိဘဲ မွေးလာခဲ့သူဖြစ်လို့ ဖခင်ဖြစ်သူက တိတ်တိတ်ပုန်းကလေးလိုမျိုး ဆက်ဆံခံရရှာပါတယ်။ သိမ်ငယ်စိတ်တွေဝင်နေတဲ့ Kim Han Mi ဟာ အမှုစစ် Kim Hee Woo နဲ့ ဆုံတွေ့လာခဲ့ပြီးနောက် သူမကိုသူမ ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်ဖို့ သင်ယူလာတတ်ခဲ့ပါတယ်။

ဒီလိုနဲ့ သူမဟာ Kim Hee Woo အတွက် အထောက်အပံ့အကြီးကြီးဖြစ်ပေးပြီး တရားမျှတမှုကိုရှာဖွေတဲ့ စွန့်စားခရီးစဉ်ကြီးမှာ ဘက်ပေါင်းစုံကနေ ကူညီပေးတဲ့ အားပေးဖော်လေးဖြစ်လာခဲ့ပါတော့တယ်။ စိတ်ဝင်စားစရာဇာတ်အိမ်မျိုးဖြစ်တာကြောင့် ၂၀၂၂ မှာ ထုတ်လွှင့်ပြသမယ့် “Again My Life” ကို ကြည့်သင့်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Source: Soompi
Photos: Soompi
Translated by Ivy