အဖွဲ့ဝင်ညီမ (၃) ယောက်ရဲ့ အပီအပြင်အားပေးနေမှုကို ကြည်နူးနေတဲ့ မင်းသမီးလေး Jisoo

Posted on

BLACKPINK ရဲ့ အကြီးဆုံးအဖွဲ့ဝင် Jisoo ဟာ “Snowdrop” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရင်း ပွဲဦးထွက်လာတော့မှာဖြစ်ပါတယ်။ နိုင်ငံအနှံ့အပြားက ပရိသတ်တွေဟာ Jisoo အတွက် ကျေနပ်နေကြပြီး အားပေးထောက်ပံ့နေကြပါတယ်။ အားလုံးထဲမှာ သရုပ်ဆောင်မင်းသမီး Jisoo ကို အနီးကပ် အပီအပြင် Support နေကြသူတွေကတော့ BLACKPINK က ညီမလေး (၃) ယောက်ပါပဲ။ Jisoo ကလည်း သူ့ညီမတွေရဲ့ ချစ်တတ်မှုကြီးတွေကို ကျေနပ်ကာ ပရိသတ်တွေထံ မျှဝေရင်း ကြွားစိန်လေးလုပ်ခဲ့ပါတော့တယ်။

December 16 ရက်နေ့တုန်းက Jisoo ဟာ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခဲ့ပြီး သူမရဲ့ ပွဲဦးထွက်ဇာတ်လမ်း “Snowdrop” နဲ့ပတ်သက်လို့ အင်တာဗျူးထိုင်ခဲ့ပါတယ်။ မကြာပါဘူး… Jennie နဲ့ Rosé ဟာ သူတို့ရဲ့ Instagram အသီးသီးက Stories တွေကနေတဆင့် Jisoo ရဲ့ ဓာတ်ပုံလေးတွေကိုတင်ပြီး ပီတိဖြစ်စွာနဲ့ တင်ခဲ့ပါတယ်။

Rosé က “ငါ့ရဲ့ အွန်ညီးက သိပ်ကိုလှတာပဲ။ ‘Snowdrop’ ရေ.. အကြီးကြီးအောင်မြင်ပြီး ပွဲသိမ်းလိုက်တော့!” လို့ ရေးတင်ထားတာပါ။ ဒါကို Jisoo က “Chu-stalker Chaeng-ie” (ဆူးကို မျက်ခြည်မပြတ်စောင့်ကြည့်အားပေးနေတဲ့ ချယ်လေး) ဆိုပြီး ပြန်တင်ခဲ့ပါတော့တယ်။

ဒီလိုပဲ ချေချေမလေး Jennie ကကျတော့ “ကျွန်မတို့ရဲ့ Young Ro (Jisoo ရဲ့ ဇာတ်ကောင်နာမည်) ကို အများကြီးအားပေးပြီး ဇာတ်လမ်းကိုလည်း အများကြီးစောင့်မျှော်ကြည့်ရှုပေးကြပါနော်!” ရေးသားကာ နှိုးဆော်‌ခဲ့ပါတော့တယ်။ Jisoo က “ကျေးဇူးပါပဲ.. ဖက်ထုပ်လုံးလေးရေ.. နောက်ထပ် ဖက်ထုပ်တွေအတူတူလုပ်စားကြစို့” ဆိုပြီး ပြန်ရေးခဲ့ပါတယ်။

ဒါ့အပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့နေ့မှာလည်း Jisoo က Lisa ရဲ့ အားပေးပုံလေးကို အားလုံး‌ရဲ့ရှေ့မှာ ပြောပြခဲ့ပါတယ်။ “Lisa ကလေ သတင်းစာရှင်းလင်းပွဲနေ့တုန်းက ကျွန်မကို ကြည့်နေခဲ့ပုံပဲ။ ကျွန်မကို ‘အွန်ညီး… တအားကို လှနေတယ်။ အလုပ်တွေလည်း တအားကြိုးစားခဲ့ပါတယ်’ ဆိုပြီး Message လှမ်းပို့ခဲ့ပါတယ်” လို့ ပြောပြခဲ့တာပါ။

Lisa လေးကတော့ ကိုဗစ်ကူးစက်ခံရပြီး မကြာသေးခင်ကမှ ပြန်လည်ကောင်းမွန်လာခဲ့သူလေးပါ။ သူ့ရဲ့အစ်မကြီးကို စာလေးလှမ်းပို့ပြီး အားပေးခဲ့တာဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင်တွေကော ပရိသတ်အများအပြားကပါ စောင့်မျှော်နေတဲ့ “Snowdrop” ကတော့ December 18 ရက်နေ့မှာ စတင်ပြသတော့မှာဖြစ်လို့ ကောင်မလေးတွေနဲ့အတူတူ အားပေးကြည့်ရှုကြပါဦးနော်။

Source: Soompi
Photos: Soompi
Translated by Ivy