ဇာတ်လမ်းအတူတူတွဲရိုက်ရတဲ့ ခံစားချက်အား အပြန်အလှန်မျှဝေခဲ့ကြတဲ့ Jung Hae In နဲ့ Jisoo

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ ပြသစဲဇာတ်လမ်းတွေထဲမှာ ‘Snowdrop’ ဇာတ်လမ်းလေးကလည်း ကြည့်ကောင်းလှပါတယ်။ BLACKPINK အဖွဲ့ဝင် Jisoo လေးရဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ပွဲဦးထွက်ဇာတ်လမ်းလေးလည်းဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြည့်ရှုနေကြတာပါ။ မင်းသား Jung Hae In နဲ့ကလည်း Visual ပိုင်းက လွန်စွာလိုက်ဖက်တင့်တယ်နေသလို Chemistry မိနေတာကြောင့်ပါ ချီးကျူးမှုတွေရရှိထားပါတယ်။

ဇာတ်လမ်းအတွက် အင်တာ‌ဗျူးဖြေဆိုရာမှာ Jung Hae In နဲ့ Jisoo တို့ဟာ ပထမဆုံးအကြိမ် တွဲဖက်ပြီး ဇာတ်လမ်းရိုက်ကူးခွင့်ရတဲ့အပေါ် ဖြစ်ပေါ်လာတဲ့ ခံစားချက်သဘောထားများအား အပြန်အလှန်မျှဝေခဲ့ကြပါတယ်။ Jisoo က “ဇာတ်လမ်းအစကနေ အဆုံးထိ ရိုက်ကူးရေးတလျှောက်လုံး Jung Hae In က ကျွန်မရဲ့အပိုင်းတွေကို အတူတူစောင့်ကြည့်ပြီး အကြံပေးခဲ့တယ်။

Jung Hae In ဟာ ကျွန်မရဲ့ ပထမဦးဆုံးသော ဇာတ်လမ်းတွဲဖက်ဖြစ်တာကြောင့် သိပ်ကိုကံကောင်းတယ်လို့ ခံစားရပါတယ်။ ကျွန်မရဲ့ဇာတ်ကောင်နဲ့ပတ်သက်လို့ အကြံတောင်းတော့လည်း တကယ့်ကို အသုံးဝင်မယ့်အကြံတွေကိုချည်း ပေးခဲ့တာပါ။ ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းဖြစ်တာကြောင့် အများကြီးလည်း စိုးရိမ်ပူပန်ခဲ့ရတယ်။ Jung Hae In ကတော့ ကျွန်မပြောသမျှအားလုံးကိုလည်း သေသေချာချာနဲ့ ဂရုတစိုက်ကို နား‌ထောင်ပေးတယ်။

သူ တကယ်ဖြစ်နေသလိုမျိုးကို ကျွန်မ ဖြစ်ပျက်နေတဲ့ကိစ္စတွေ၊ ပူပန်‌မှုတွေကို အမြဲနားထောင်ပေးတတ်သူပါ။ ရိုက်ကူးရေးတလျှာက်လုံးမှာလည်း ကျွန်မကို သေသေချာချာ ဦးဆောင်ပြီး အကောင်းဆုံးဖြစ်လာအောင် ဖန်တီးခဲ့ပါတယ်” လို့ စီနီယာ Jung Hae In အကြောင်းကို မျှဝေခဲ့ပါတယ်။

Jisoo လေးနဲ့ပတ်သက်လို့ မင်းသား Jung Hae In က “Jisoo က ကိုယ်တိုင်ကကို သူမရဲ့ဇာတ်ကောင်ဖြစ်တဲ့ ‘Young-ro’ လိုမျိုး ချစ်စရာကောင်းပြီး ပေါင်းတတ်သင်းတတ်နဲ့ ပျော်ပျော်နေတတ်တဲ့သူမျိုးပါ။ ‘Young-ro’ ရဲ့ ခံစားချက်တွေပေါ်လွင်အောင်ပြသရတဲ့နေရာမှာတော့ Jisoo တကယ်တော်တာပဲ။  ဒါရိုက်တာကြီးပြောသမျှ တခုချင်းစီကိုလည်း သေချာမှတ်သားပြီး စိတ်တိုင်းကျအောင် လုပ်ပြနိုင်တာကိုတော့ တကယ်ကို‌ အထင်ကြီးချီးကျူးမိတယ်။ Jisoo က ကြင်နာတတ်ပြီး သေချာတွေးခေါ်ဆုံးဖြတ်တတ်တဲ့သူမျိုးလေးပါ။

ကျွန်တော်နဲ့ Jisoo က တကယ်ကို chemistry မိလွန်းတယ်လို့ ခံစားရပါတယ်” ဆိုပြီး Jisoo ကို ချီးကျူးနေခဲ့ပါတော့တယ်။ ‘Snowdrop’ ဇာတ်လမ်းလေးကတော့ တဖြည်းဖြည်းချင်း ဇာတ်ရှိန်‌တက်နေပါပြီ။ ဇာတ်လမ်းနဲ့ပတ်သက်လို့ ထုတ်လုပ်ရေးဖက်က သေချာစွာ ရှင်းလင်းပြောကြားထားပေမဲ့လည်း နိုင်ငံရေးသမိုင်းနဲ့နှီးနွယ်တယ်လို့ဆိုကာ အဆင်မပြေမှုလေးတွေတော့ ရှိနေပါတယ်။ Jisoo လေးရဲ့ ပွဲဦးထွက်ဇာတ်လမ်းလေးဖြစ်လို့ ဇာတ်လမ်းပြီးဆုံးသည်အထိ အဆင်ပြေပြေဖြစ်သွားဖို့ မျှော်လင့်ရပါတယ်။

Source: SBSstar
Photos: JTBC
Translated by Ivy